Tilbage til forsiden

 

Nai Shwe Kyin

တိုင္ပၠဵပု႙ဂွ္ သြက္ဂြံကေလင္ဒက္ပတန္ ဍဳင္မန္ပု႙အတိုင္ေႀတံ မဒးဒုင္ပၜံင္ၐးဏာကုႝဗဿာ ပႜဲသှာံ ၁၁၁၉ေတအ္။ ဍဳင္ပု႙ၐိုန္ရ ကလိဂြံသၜးပြး နူအင်ကလိက် ပႜဲသှာံ ၁၉၄၈ တေအ်ကီုလေဝ် အခေါင်သွက်မန်ဂှ် မုလေဝ်ဟွံကလိဂွံ။

နဲာယှ႙ုကျေန် (၁၉၁၃-၂၀၀၃)

ဥကၠဌေဗာ္ဍဳင္မန္တဿိ(ေႀတံ)

 

အပိုင်း (၂)

အခြေအနေ သုံးသပ်ချက်

ရန်သူ့အခြေအနေ

ရန်သူသည် မွန်ပြည်သစ်ပါတီ အင်အားအပေါ် အထင်အမြင်သေးခဲ့သည့် ကာလများ ရှိခဲ့ပေသည်။ သို့သော် 1971 ခုနှစ်တွင် တပ်မတော်ကို စနစ်တကျ တည်ဆောက်ပြီးနောက် တိုင်းရင်းသားပေါင်းစုံ ညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစု (တ-ည-လ) အဖွဲ့ဝင်ဖြစ်သော (KNU) နှင့် ပြည်ချစ်တပ်များနှင့် ပူးတွဲတိုက်ပွဲဝင်ခဲ့သဖြင့်  ရန်သူက အလေးထား လေးစားလာရသည့် အဖြစ်သို့ ဆိုက်ရောက်ခဲ့သည်။ ရန်သူမှလည်း ခေတ်မှီလက်နက်များကို ကိုင်ဆောင်သည့် ကျွန်ုပ်တို့တပ်များ အင်အားကြီးမားလာနေသည်ကို တားဆီးရန် ထိုးစစ်များဖြင့် အပြင်းအထန် လှုပ်ရှားလာသည်။ ကျွန်ုပ်တို့တပ်များသည် ခံစစ်ရှင် ပြောက်ကျားနည်းပရိယာယ်တို့ကို စနစ်တကျ အသုံးပြုခြင်းဖြင့် ယခင့်ယခင် တိုက်ပွဲများကထက် ရန်သူများအား ပိုမိုကျဆုံး ထိခိုက်ဒဏ်ရာရစေခဲ့သည်။ သို့ဖြင့် ရန်သူတပ်တွင်းတွင် စိတ်ဓါတ်ကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့သည်။

ရန်သူသည် ပြည်သူလူထူအတွင်းတွင် မိမိသိက္ခာ ကျဆင်းလာနေသည်ကို အဖတ်ဆယ်နိုင်ရန် ထိုးစစ်ရှည်များကို အဆက်မပြတ် ဒလစပ် စွန့်စွန့်စားစား ဆင်နွှဲခဲ့သည်။ ဤကဲ့သို့ ထိုးစစ်ဆင်နွှဲလာသော ရန်သူများအား ကျွန်ုပ်တို့တပ်မတော်နှင့် မဟာမိတ် တပ်မတော်များတို့က စုပေါင်း၍သော်လည်းကောင်း၊ သီးခြား၍သော်လည်းကောင်း ပြောက်ကျားစစ်ဖြင့် ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူအား အထိအခိုက် အကျအဆုံး များပြားစေခဲ့သည်။ ရန်သူသည် မိမိတပ်အတွင်းတွင် စိတ်ဓါတ်ကျဆင်းမှုကို မထိန်းချုပ်နိုင်ရုံသာမက ပြည်သူတို့၏ ဝိုင်းပယ်ခြင်းကိုပါ ခံရသဖြင့် မိမိတပ်များကိုပင် ဂယိမ်းဂယိုင်မဖြစ်စေရန် အတော်ကြိုးပမ်းခဲ့ရပေသည်။

ရန်သူသည် တပြည်လုံးအနှံ့အပြားတွင် ဖြစ်ပေါ်နေသော တော်လှန်ရေးအင်အားစုများ၏ ပြောက်ကျားစစ်ကို ငါးပွက်ရာ ငါးစာချသည့်ပမာ နေရာအနှံ့အပြား ထိုးစစ်လိုက်ဆင်နွှဲရခြင်း၊ လမ်းပန်းအဆက်အသွယ်များ လုံခြုံရေးအတွက် အရေးပါသော နေရာတကာတို့တွင် တပ်များကို ဖြန့်ထားခြင်း၊ အုပ်ချုပ်ရေးအတွက် အရေးပါသော နေရာတကာတို့တွင် တပ်များကို ဖြန့်ထားခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာတွင်လည်း ပါဝင်ဆောင်ရွက်နေရခြင်းတို့ကြောင့် အင်အားကြီးမားစွာ စုစည်းမှုမပြုနိုင်ဘဲ၊ ဒေသအလိုက် ရှိသမျှ အင်အားဖြင့် ဟန်မပျက် ထိုးစစ်ဆင်နေရသည်။ နေရာကန့်သတ်၍ ထိုးစစ်ဆင်မှုများကို ပြုလုပ်နေရသည်။ ထိုသို့ ထိုးစစ် ဆင်ရာတွင်လည်း အင်အား မလုံမလောက်နှင့် ဆောင်ရွက်ရသဖြင့် အချိန်ပိုင်း ထိုးစစ်ကလေးများသာ ဆင်နိုင်သည့် အဖြစ်သို့ လျှောကျခဲ့သည်။

တပြည်လုံး အနှံအပြားသော တော်လှန်ရေးအင်အားစုတို့သည် ကိုယ့်ဒူးကိုယ်ချွှန်ရင်း အင်အားကြီးထွား တိုးတက်လာနေသည် ဖြစ်ရာ ရန်သူအဖို့ “တောင်မင်း မြောက်မင်းမကယ်နိုင်” ဆိုသလို နေရာတကာတွင် စစ်ဆင်နေရမှုကြောင့် ရန်သူတပ်မှူး တပ်သားတို့သည် နားချိန်မရဘဲ အစဉ်တစိုက် စစ်မျက်နှာဆင်းနေရသည်ဖြစ်၍ ကိုယ်စိတ်ပင်ပန်း နွမ်းနယ်နေကြရသည်။ အချို့တပ်များတွင် အမိန့်ဖီဆန်မှုများ၊ တပ်မှထွက်ပြေးမှုများ၊ တော်လှန်ရေးဖက်သို့ ကူးပြောင်းပူးပေါင်းခြင်းများ၊ လူမျိုးရေးအရ ပဋိပက္ခဖြစ်ပွားမှုများ အတော်များများ ဖြစ်ပေါ်ခဲ့သည်။

ရန်သူ၏ တပါတီအာဏာရှင်စနစ်ကို လူတန်းစားပေါင်းစုံ လူမျိုးပေါင်းစုံ ပြည်သူလူထုတို့က အော့နှလုံးနာနေကြသည်ဖြစ်ရာ ရန်သူစစ်အစိုးရသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် စစ်တပ်ကို အားပြု၍ နိုင်ငံအာဏာကို အကြပ်အတည်း အမျိုးမျိုးကြားထဲမှ အနိုင်နိုင် ထိန်းနေရပေသည်။ သို့စဉ်လျက်ပင် လမ်းစဉ်ပါတီအတွင်း မသမာမှုများ ဖြစ်ပွားလာ၍ အပုပ်ချပွဲများကို လူသိရှင်ကြား ကြေငြာလုပ်ဆောင်ခဲ့ရပေသည်။ စစ်အစိုးရသည် မိမိမဏ္ဍိုင်ပြုထားသော စစ်တပ်အတွင်းမှပင် လုပ်ကြံမှုများ ပေါ်ပေါက်လာသည်ဖြစ်၍ မိမိတပ်မတော်ကိုပင်လျှင် စိတ်ချလက်ချ မယုံကြည်ရတော့ပေ။ နိုင်ငံရေးအရ အထီးကျန်ဘဝသို့ သက်ရောက်လျက် ရှိပေသည်။

စစ်အစိုးရ၏ စီးပွားရေးမူ လွဲမှားမှုကြောင့် တိုင်းပြည်၏ စီးပွားရေးအခြေအနေသည် ချွတ်ခြုံကျခဲ့ပေသည်။ နိုင်ငံ၏ သမိုင်းစဉ် တလျှောက်လုံးတွင် မကြုံစဖူးသော စီးပွားရေး အကြပ်အတည်းဖြင့် ရင်ဆိုင်ခဲ့ရသည်။ စစ်အစိုးရသည် 1962 ခုနှစ် အာဏာသိမ်းပြီး ယနေ့ထိ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်ရာတွင် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့မှ ချေးငွေတို့မှာ စုစုပေါင်း ကျပ်သန်းပေါင်း (၂၄၀၀) ရှိသွားပြီဟု ဒုဝန်ကြီးချုပ်လည်းဖြစ်၊ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သော ဦးလွင်က 1976 ခုနှစ် ဒီဇင်ဘာလအတွင်းက မလွှဲမရှောင်သာ တိုင်းပြည်အား အသိပေးခဲ့ရသည်။  ဤငွေထဲတွင် ကနေဒါ၊ အနောက်ဂျာမဏီ၊ သြစတြေးလျ၊ ဂျပန်နိုင်ငံတို့မှ တနိုင်ငံခြင်း ချေးယူသည့် ငွေများ မပါသေးချေ။ လူမျိုးစုံ ပြည်သူလူထုတို့၏ လူနေမှု အဆင့်အတန်းသည် သိသိသာသာကြီး ဆုတ်ယုတ်ကျဆင်းခဲ့ရသည်။ ယနေ့ကာလတွင် အမေရိကန်၊ ဂျပန်၊ အနောက်ဂျာမဏီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ကနေဒါ၊ သြစတြေးလျ နိုင်ငံတို့ ပါဝင်သော စီးပွားရေး အတိုင်အပင်ခံအဖွဲ့၏အကြိုက် အရင်းအနှီးမြှုပ်နှံမှုကို လက်ခံ၍ နိုင်ငံပိုင်၊ သမဝါယမနှင့် ပုဂ္ဂလိက စီးပွားရေးမူတို့ကို ကျင့်သုံးရန် စိုင်းပြင်းလျက် ရှိသည်။ ၄င်းစီးပွားရေး အတိုင်အပင်ခံအဖွဲ့ဝင် နိုင်ငံတို့၏ ကန့်သတ်ချက်များဖြင့် ချေးမည့်စီးပွားရေး ကူညီငွေကိုလည်း လက်ခံဖို့ သဘောတူထားပြီး ဖြစ်သည်။ သို့ပင်ဖြစ်သော်လည်း စာရိတ္တ ပျက်ပြား၍ ကျွှမ်းကျင်မှု အားနည်းနေပြီးဖြစ်သော စစ်အစိုးရ၏ ဗျူရိုကရေစီ ယန္တယားသည် နိုင်ငံ၏ စီးပွားရေးကို ပြန်လည်နလံထူအောင် လုပ်နိုင်မည်ဝေးစွ။ ပေးသမျှ စီးပွားရေး အကူအညီများသည်ပင် သဲထဲရေသွန်သလို ဖြစ်သွားစရာရှိပေသည်။ ဤကဲ့သို့ အခြေအနေများကြောင့် ရှေ့မရှည်မဝေးသော ကာလတွင် ရန်သူသည် အဖက်ဖက်မှ အကြပ်အတည်းများဖြင့် ရင်ဆိုင်ကာ မလူးသာမလွန့်သာ အားပျော့လျက် ခံစစ်အတွင်းသို့ ကူးပြောင်းသွားရမည်မှာ သေချာသည်။

ကျွန်ုပ်တို့အခြေအနေ

မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို စနစ်တကျ ပြန်လည်တည်ဆောက်ပြီး နောက်ပိုင်းတွင် မိမိတာဝန်ကျရာဒေတို့၌ တက်တက်ကြွှကြွှ လှုပ်ရှားနိုင်ခဲ့သည်။ တဦးချင်း သို့မဟုတ် မဟာမိတ်တပ်များနှင့် ပူးတွဲစစ်ဆင်ရေး တိုက်ပွဲကြီးငယ်တို့မှ အတွေ့အကြုံများစွာကို ရရှိပြီး ရန်သူကိုလည်း အထိနာ ကျဆုံးစေခဲ့သည်။ ရန်သူ အခြေစိုက်စခန်းများကိုပင် အဆက်မပြတ် ပူးတွဲ တိုက်ခိုက်နိုင်ခဲ့သဖြင့် ရန်သူသည် မိမိလုံခြုံရေး ကျင်းကြီးကျင်းငယ်တူး၍ မြေခံကဒုတ်များကိုပင် နေရာတကာ ဆောက်လုပ်ခဲ့ပေသည်။

ဤကဲ့သို့ ရန်သူအား ထိုးနှက် တိုက်ခိုက်လာနိုင်ခြင်းအားဖြင့် ရန်သူသည် မိမိထင်သလို ပြုကျင့်၍ မရသောကြောင့် စိုးရွံ့လာပြီး ခြေတုံ့သွားသည့် အခြေအနေမျိုးသို့ ရောက်သွားသည်။ တဖက်တွင်မူ မွန်အမျိုသား လွတ်မြောက်ရေး တပ်မတော်ကို အထင်မသေးဝံ့သည့် အဆင့်သို့ ရောက်ရှိစေခဲ့သည်။ ရန်သူအား ပြောက်ကျားစစ်ဖြင့် ချေမှုန်းတိုက်ခိုက်လာနိုင်ခြင်းကြောင့် ပြည်သူလူထု၏ အားတက်သရော ထောက်ခံမှုကို ရရှိလာပြီး စစ်စည်းရုံးအသွင်ကို ကြီးထွားတိုးတက်စေခဲ့သည်။

တပ်မတော်ကို တစတစ တိုးတက်ဖွဲ့စည်းနိုင်ခဲ့သဖြင့် တပ်ရင်း (၃) ရင်းကို အခြေခံပြီး ဖွဲ့စည်းနိုင်ခဲ့သည်။ တပ်မတော်သားများ အားလည်း စစ်ရေးသင်တန်းများ နိုင်ငံရေးသင်တန်းများကို ဆက်တိုက်ပြုလုပ်နိုင်ခဲ့သည်။ သင်တန်းများတွင် စစ်ရေးကို အလေးထား သင်ပြခဲ့သဖြင့် စစ်စည်းကမ်း သေဝပ်မှုကို ပိုမိုကောင်းမွန်လာခဲ့သည်။ ဤသို့ မဟာမိတ်တပ်များနှင့် ပူးတွဲ၍သော်၎င်း၊ မိမိတစ်ဦးချင်းသော်၎င်း တိုက်ပွဲပေါင်း မြောက်များစွာ ဝင်နိုင်ခဲ့သော်လည်း ကျေနပ်နှစ်သိမ့်နေရန်မဟုတ်ဘဲ နိုင်ငံရေး အသိမြင့်မား၍ တိုက်စွမ်းရည်ထက်မြက်သော တပ်မတော်တရပ်ဖြစ်လာရေးအတွက် ဆက်လက်ကြိုးပမ်း မွမ်းမံသွားရပေဦးမည်။ တပ်မတော်အတွင်း အားနည်းချက်တို့ကို ပြုပြင်အားဖြည့်ပေးရန် လိုနေပေသေးသည်။ တပ်တွင်း ချွတ်ယွင်းချက်များတွင် တကိုယ်ကောင်းဆန်မှု (ပုဂ္ဂလိကဝါဒ)၊ မင်းမဲ့စရိုက်များ၊ အလွန်အကျွံ ဒီမိုကရေစီလုပ်ဟန်များ၊ အမိန့်နာခံမှု လျှော့နည်းခြင်း၊ သာယာမှုအပေါ် ယစ်မူးခြင်း၊ စည်းကမ်းဖောက်ဖျက်ခြင်းနှင့် စစ်ဘုရင်ဆန်မှုများ ရှိနေပေသေးသည်။ ဤမှားယွင်းသော အယူအဆများကို တိုက်ချွတ် သန့်စင်နိုင်မှသာ တောက်ပြောင်သော အစဉ်အလာရှိသည့် တပ်မတော်တရပ် ဖြစ်လာနိုင်သည်။ တပ်မှူး တပ်သားတို့သည် စစ်နားချိန်တွင် စစ်ရေးအတတ်ပညာ ကျွမ်းကျင်လာအောင် ပြီ်းခဲ့သည့် တိုက်ပွဲများ စီစစ်ဝေဖန်သုံးသပ်ခြင်း၊ စစ်ရေးပညာကို ထိုးထွင်းကြံဆတိုးချဲ့ခြင်း၊ စစ်ရေးလေ့ကျင့်မှုတို့ကို ဆက်လက်ပြုလုပ်ခြင်း၊ တော်လှန်ရေး စစ်သဘောတရားကို ပိုင်နိုင်အောင် လေ့လာ ဆည်းပူးခြင်းများကို ပြုလုပ်ကြရမည်ဖြစ်သည်။ နိုင်ငံရေး ခံယူချက် ခိုင်မာလာအောင် မွန်ပြည်သစ်ပါတီမှ ဖြန့်ချီထားသော နိုင်ငံရေး စာစောင်များကို ကျေကျေညက်ညက် လေ့လာဆည်းပူးကြရမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်တွင်း၌ ပညာပေးရေး အစဉ်ကို စနစ်တကျ ဂရုတစိုက် စွမ်းအားရှိသမျှ ဆောင်ရွက်ရန် လိုပေသည်။ ကျွန်ုပ်တို့ တပ်မတော်အတွင်းရှိ တပ်မှူး တပ်သားတို့သည် များသောအားဖြင့် လယ်သမားလူတန်းစား၊ ဓနရှင်ပေါက်စ အတန်းအစားမှ လာကြသည်ဖြစ်၍ မိမိအတန်းအစားအမြင် အယူအဆ တခုခု စွဲကပ်ပါလာသည်မှာ သဘာဝ ကျလှသည်။ ထိုအမြင် အယူအဆတို့ကို တော်လှန်သော အတွေးအခေါ်အယူအဆဖြင့် ဆေးကြောသုတ်သင်ပစ်နိုင်ရန် ပါတီတပ်သားကောင်းတိုင်းက အချိန်ယူ၍ ပညာပေးစည်းရုံးရန် လိုအပ်ပေသည်။

 


ဆက်ဖတ်လိုပါက

နိဒါန် အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) အပိုင်း(၄) အပိုင်း(၅) အပိုင်း(၆) အပိုင်း(၇) အပိုင်း(၈)  နိဂုံး