Tilbage til forsiden

 

Nai Shwe Kyin

တိုင္ပၠဵပု႙ဂွ္ သြက္ဂြံကေလင္ဒက္ပတန္ ဍဳင္မန္ပု႙အတိုင္ေႀတံ မဒးဒုင္ပၜံင္ၐးဏာကုႝဗဿာ ပႜဲသှာံ ၁၁၁၉ေတအ္။ ဍဳင္ပု႙ၐိုန္ရ ကလိဂြံသၜးပြး နူအင်ကလိက် ပႜဲသှာံ ၁၉၄၈ တေအ်ကီုလေဝ် အခေါင်သွက်မန်ဂှ် မုလေဝ်ဟွံကလိဂွံ။

နဲာယှ႙ုကျေန် (၁၉၁၃-၂၀၀၃)

ဥကၠဌေဗာ္ဍဳင္မန္တဿိ(ေႀတံ)

 

အပိုင်း (၃)

ကျွန်ုပ်တို့၏ ဆောင်ရွက်ရမည့် တာဝန်များ

ယနေ့ ကျွန်ုပ်တို့ ဆင်နွှဲနေသော စစ်သည် အခက်အခဲပြင်းထန်သော စစ်ဖြစ်သည်။ ဖိနှိပ်သူ လူတန်းစားဖြစ်သည့် ဖက်ဆစ် စစ်အာဏာရှင် ဗိုလ်နေဝင်းအစိုးရသည် ကျွန်ုပ်တို့ထက် လူအင်အား၊ လက်နက်အင်အား၊ သယ်ယူပို့ဆောင်ရေး၊ ဝါဒဖြန့်ချီရေး စသည်တို့တွင် များစွာ သာလွန်ပေသည်။ ကျွန်ုပ်တို့သည် အရေအတွက်အားဖြင့် နည်းပါးသော အင်အားစု၊ လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းမှုနှင့် ဝါဒဖြန့်ချီရေး လုပ်ငန်းတွင်ကျယ်မှုတို့တွင် လွန်စွာ အားနည်းနေပေသည်။ သို့သော် ကျွန်ုပ်တို့တွင် မှန်ကန်သော အခြေခံတရားကို ဆုပ်ကိုင်ထားနိုင်ခြင်းအားဖြင့် ရန်သူ ဗိုလ်နေဝင်း စစ်အုပ်စုထက် အရေးသာပေသည်။ အခြေခံအားဖြင့် မှန်ကန်သော နိုင်ငံရေးလမ်းစဉ်တရပ် မရှိဘဲ မှန်ကန်သော စစ်ရေးလမ်းစဉ်မရှိနိုင် ဆိုသည့်အတိုင်း ဖက်ဆစ်စစ်အာဏာရှင် ဗိုလ်နေဝင်း စစ်အုပ်စုသည် နိုင်ငံရေးလမ်းစဉ်အရ ချွတ်ခြုံကျနေသည်။

ဆိုလိုသည်မှာ ယနေ့ ပြည်တွင်းစစ် အခြေအနေတွင် -

(၁) မဟာလူမျိုးကြီးဝါဒအရ လူမျိုးစုအသီးသီးတို့အား ဖိနှိပ်ချုပ်ချယ်ခြင်း။

(၂) လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်သာရှိသော လယ်သမားများအပေါ် ကန့်သတ်ချုပ်ချယ်ခြင်း။

(၃) တပြည်လုံးရှိ  လယ်ယာထွက်သီးနှံများနှင့် ရေထွက်ပစ္စည်းများကို ထိမ်းချုပ်ထားခြင်းဖြင့် ကုန်ထုတ်လုပ်မှုများနှင့်တကွ ကုန်သည် ပွဲစားများနှင့် ပဋိပက္ခဖြစ်နေခြင်း။

(၄) ပြည်သူပိုင်ပြုလုပ်ရေး အကြောင်းပြချက်ဖြင့် ကုန်သည်ပွဲစားများ ပိုင်ဆိုင်သော ပစ္စည်းများကို အတင်းအဓမ္မ သိမ်းဆည်း ခြင်းကြောင့် အမျိုးသား ဓနရှင်များနှင့် ပဋိပက္ခဖြစ်နေခြင်း။

(၅) အလုပ်သမားများအားလည်း မိမိတို့ရသင့် ရထိုက်သော နားရက်များနှင့် နားချိန်များတွင် တိုင်းပြည်အတွက် အချိန်ပို လုပ်အားပေးဟူသော အကြောင်းပြချက်အမည်မျိုးဖြင့် လုပ်ခမဲ့ လုပ်အားပေးစနစ် ကျင့်သုံး၍ အလုပ်သမားတို့၏ လုပ်အားကို အတင်းအဓမ္မ သွေးစုတ်ယူလျက် ရှိခြင်းဖြင့် အလုပ်သမားများနှင့် ပဋိပက္ခ ဖြစ်ပေါ်လျက်ရှိနေခြင်း။

(၆) တလမ်းသွား ပညာရေးစနစ် ဖြစ်နေခြင်းကြောင့် မိမိတို့ လိုအပ်သော ပညာရပ်များကို သင်ကြားခွင့် မရရှိခြင်းနှင့် အောင်မြင်သော အဆင့်အတန်းအရ လုပ်ငန်းခွင်သို့ မဝင်ရောက်နိုင်ပဲ အလုပ်လက်မဲ့ ဖြစ်နေရခြင်းကြောင့် ကျောင်းသား လူငယ်များနှင့် ပဋိပက္ခ ဖြစ်နေခြင်း။

(၇) ဖက်ဆစ်ဝါဒီစနစ်ဖြင့် အုပ်ချုပ်မှုကြောင့် ဒီမိုကရေစီ ဆိတ်သုဉ်းနေ၍ ဒီမိုကရေစီအင်အားစုများနှင့် ပဋိပက္ခ ဖြစ်နေရခြင်း။

(၈) အပြုတ်တိုက်ရေး လမ်းစဉ်ကို တိုးချဲ့ ဆောင်ရွက်လာခြင်းကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးသမားများ၊ ပြည်ချစ်အင်အားစုများနှင့် ပဋိပက္ခ ဖြစ်နေခြင်း စသည့် တပြည်လုံးရှိ ပြည်သူများနှင့် ပဋိပက္ခပေါင်းစုံ ဖြစ်ပေါ်လျက်ရှိနေပေသည်။

ထို့ကြောင့် ဖက်ဆစ် စစ်အာဏာရှင် ဗိုလ်နေဝင်းအစိုးရတွင် နိုင်ငံရေးလမ်းစဉ်အရ မှန်ကန်မှု မရှိပေ။ တဆက်တည်းမှာပင် စစ်ရေး လမ်းစဉ်လည်း ချွတ်ခြုံကျနေပေသည်။ ကျွန်ုပ်တို့တွင် ကျွန်ုပ်တို့နှင့်တကွ မွန်အမျိုးသား တရပ်လုံး လူမျိုးစုအားလုံးနှင့် လူထုလူတန်းစား အားလုံး ပါဝင်သော ပြည်သူလူထုတို့တွင် နည်းမျိုးစုံ ဖိနှိပ်ခံနေရသဖြင့် ဤဖိနှိပ်ချုပ်ချယ်မှုမှ လွတ်မြောက်ရန်အတွက် ရုန်းကန်တိုက်ခိုက် နေခြင်းဖြစ်သည်။ ဤရုန်းကန်တိုက်ခိုက်မှုတွင် မွန်အမျိုးသားထုအနေနှင့် အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် မှန်ကန်သော နိုင်ငံရေးလမ်းစဉ်တရပ်ကို ဆုတ်ကိုင်ထားနိုင်သည်။ ၄င်းလမ်းစဉ်ကို ကာကွယ်ရန်အတွက် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တရပ်ကို တည်ဆောက်ခဲ့ ပြီးလေပြီ။ ၄င်းတပ်မတော်၏ အခြေခံလုပ်ဆောင်ချက်များ နည်းပရိယာယ် လုပ်ဆောင်ချက်များကို  မှန်ကန်သော နိုင်ငံရေး လမ်းစဉ်နှင့် လိုက်လျှော်ညီထွေ ချမှတ်ထားပြီး ဖြစ်သည်။

ဤသည်ပင် ကျွန်ုပ်တို့သည် ရန်သူထက် အခြေခံကျသော အရေးသာသော အချက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအခြေခံ ပေါ်တွင် မှီငြမ်း၍ မိမိတို့ ဆင်နွှဲသောစစ်ကို သတ်မှတ်ရန် လိုအပ်ပေသည်။

                      (၁) ရန်သူသည် မိမိထက် အင်အား အဆမတန် ကြီးမားခြင်း၊ မိမိ၏ အင်အားသည် ရန်သူထက် အဆမတန် နည်းပါးခြင်း။

                      (၂) ရန်သူ၏ အုပ်ချုပ်ရေး နယ်မြေ အလွန်ကျယ်ပြန့်ပြီး ကောင်းမွန်သော ဆက်သွယ်ရေးလမ်းကြောင်း ရှိနေခြင်း၊ မိမိ၏ အခြေခံဒေသသည် ကျဉ်းမြောင်းပြီး တောတောင်ကိုသာ အခြေခံနေရသဖြင့် ဆက်သွယ်ရေးလမ်းကြောင်း ခက်ခဲခြင်း စသည့် အခြေခံပေါ် အမှီပြု၍ ကျွန်ုပ်တို့၏ စစ်သည် ရေရှည် စစ်ဆင်နွှဲရမည် ဖြစ်ပေသည်။

ရေရှည်စစ်သည် အချိန်ကာလ အတိုင်းအဆကို ကန့်သတ်ခြင်း မပြုနိုင်သော ရှည်လျားသော ကာလကို ဖြတ်သန်းရမည် ဖြစ်ပေသည်။ ရေရှည်စစ်တွင်

(က) ရန်သူထိုးစစ်ကာလ

(ခ) သူမနိုင်ကိုယ်မနိုင်ကာလနှင့်

(ဂ) ပြန်လှန်ထိုးစစ်ကာလ ဖြစ်သည်။

ယနေ့စစ်ကာလကို ပြန်လည်သုံးသပ်ကြည့်လျှင် ရန်သူသည် ကျွန်ုပ်တို့ထက် အဆမတန် အင်အားသာလွန်နေပြီ်း ကျွန်ုပ်တို့မှာ အဆမတန် အင်အားနည်းနေသည်။ ထို့ကြောင့် စစ်ကာလ ပိုင်းခြားရမည်ဆိုပါက လက်ရှိကာလသည် ပျောက်ကျားကာလ (ခံစစ်ကာလ)ပင် ဖြစ်သည်။ ခံစစ်ဆိုရာတွင် ခံစစ်ကို အသေထား၍ စစ်မျက်နှာဖွင့်ကာ ခုခံမှု ပြုလုပ်ခြင်းကို ဆိုလိုသည်မဟုတ်၊ အကောင်းဆုံးသော ခံစစ်သည် ထိုးစစ်ပင်ဖြစ်သည် ဆိုသောမူကို လက်ခံပြု၍ ရန်သူအား ဒရစပ် ပျောက်ကျားနည်းဖြင့် ထိုးစစ်ဆင်ခြင်းကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။ ခံစစ်ကာလတွင် ပျောက်ကျားနည်းဖြင့် ထိုးစစ်ဆင်ခြင်းကိုပင် ခံစစ်ရှင်ဟု ခေါ်ဆိုပေသည်။

ပျောက်ကျားစစ်ကာလတွင် ကျွန်ုပ်တို့သည် ရန်သူပျော့ကွက် ဟာကွက်များကို အသုံးချတတ်ရန် အထူးလိုအပ်ပေသည်။ အင်အားနည်းပါးသော ကျွန်ုပ်တို့၏ တပ်မတော်ကို အထင်သေးခြင်း ဂရုမစိုက်ခြင်း ရှိပေလိမ့်မည်။ ဤအခြေအနေကို အခွင့်ကောင်းယူ၍ ရန်သူအား ချေမှုန်းရန် ဂရုစိုက်ရပေမည်။ ရန်သူအား အမှဲ့ချွေခြင်း ပျောက်ကျားစစ် တိုက်ခိုက်ခြင်းများသည် ကျွန်ုပ်တို့၏ တပ်မတော်အတွက် အခွင့်သာစေသော အချက်ဖြစ်ပေသည်။ ဤနည်းအားဖြင့် ရန်သူခြောက်ခြားသွားစေရန် ရန်သူ၏ ခြေလှမ်း တုန့်ဆိုင်းသွားစေရန် စိတ်ဓါတ်ကျဆင်းသွားစေရန် ပြုလုပ်သည် ဖြစ်ပေသည်။ တဆက်တည်းမှာပင် လှည့်လည်စစ်ကိုလည်း အဓိက ဆင်နွှဲရပေမည်။ ရန်သူ၏ အင်အားနည်းသော နေရာကို မိမိ၏ အင်အားနှစ်ဆ၊ သုံးဆ၊ လေးဆ စသည်ဖြင့် အင်အားကြီးမားစွာနှင့် လျှပ်တပြက် ထိုးစစ်ဆင် တိုက်ခိုက်ရပေမည်။

ကျွန်ုပ်တို့၏ စွဲမြဲစွာ ဆုပ်ကိုင်ရမည့် သဘောတရားသည် အမြန်စု အမြန်ခွဲစနစ်ကို ကျင့်သုံးရမည်။ သတိလစ်နေသော ရန်သူ၊ အားပျော့နေသော ရန်သူကို တိုက်ခိုက်ရန်အတွက် လျင်မြန်စွာ စုစည်း၍ တဟုန်ထိုး တိုက်ခိုက်ပြီးနောက် တမဟုတ်ချင်း အင်အားကို ဖြန့်ကျက်ကာ ပျောက်ကျားစစ်၊ ချွှေစစ်များကို ထပ်မံဆင်နွှဲရန် ဖြစ်သည်။

 “မုဆိုးကို စိုင်သင်” ဆိုသော စကားအရ ကျွန်ုပ်တို့တပ်မတော်၏ စစ်အတတ်ပညာ စစ်စွမ်းရည်ကျွမ်းကျင်မှုကို ရန်သူထံမှ ရယူရမည်။ ဆိုလိုသည်မှာ စစ်မြေပြင်မှ လေ့လာယူရမည်။ မုဆိုးကျွမ်းကျင်မှုကို စိုင်ဆိုသော တိရိစ္ဆာန်မှ နည်းနာယူရသလို ကျွန်ုပ်တို့လည်း ရန်သူထံမှ နည်းနာ ခံယူရပေမည်။ ဤသို့သော စစ်အခြေအနေကြောင့် ရန်သူဘက်မှ အခွင့်သာမှုများ လျော့နည်းသွားရလေအောင် ကျွန်ုပ်တို့ ကြိုးစား ဆောင်ရွက်မှု ပြုရပေသည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အခွင့်သာမှုကို တိုးပွားစေပြီး ရန်သူတို့၏ အခွင့်သာမှုကို ဆုံးရှူံးစေလျက် အမျိုးသား လွတ်မြောက်ရေး အောင်ပွဲကို ရယူနိုင်ပေလိမ့်မည်။

လက်ရှိကာလတွင် ရန်သူအင်အားကြီးမားမှုနှင့် ကျွန်ုပ်တို့ အင်အားချိနဲ့မှုသည် များစွာ ကွာခြားနေပေသည်။ လောလောဆယ်ဆယ် ရန်သူ၏ အခွင့်သာမှုကို ကျွန်ုပ်တို့လိုအပ်သော အဆင့်အထိသို့ မလုပ်နိုင်သေးသည့်ပြင် ကျွန်ုပ်တို့၏ အခွင့်သာမှုကိုလည်း မိမိရ ဆုတ်ကိုင်နိုင်လောက်အောင် မလုပ်နိုင်သေးချေ။ ထို့ကြောင့် ယခုအဆင့်တွင် ရန်သူသည် အတော်အတန် အောင်ပွဲရရှိနေပြီး ကျွန်ုပ်တို့ အတော်အတန် အရေးနိမ့်နေပေဦးမည်။ ဤသည်ကို ကျွန်ုပ်တို့ ရှူမြင်တတ်ရန် လိုအပ်ပေသည်။ ကျွန်ုပ်တို့၏ မှန်ကန်သော လမ်းစဉ်အပေါ်တွင် ရန်တည်လျက် ကျွန်ုပ်တို့၏ အင်အားကို ကြီးထွားအောင် ကြိုးစားဆောင်ရွက်ခြင်းအားဖြင့် အင်အားနည်းပါးမှုမှာ ယာယီမျှသာ ဖြစ်သည်။ အကြောင်းမှာ အဖိနှိပ်ခံ လူမျိုးစုများ၊ လူထုလူတန်းစား အသီးသီးတို့နှင့် တပ်ပေါင်းစု တည်ဆောက်ကာ စစ်ကို ဆက်လက် တိုက်ခိုက် သွားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် ယာယီပြသနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။

ကျွန်ုပ်တို့သည် မှန်ကန်သော နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်၊ လုပ်ငန်းစဉ်များကို လက်ကိုင်ပြုလျက် အခြေခံ အမှားများကို ရှောင်ကျဉ်ပြီး စစ်ဖြစ်နေသည့် အချိန်ကာလတစ်လျှောက်လုံး စွမ်းအားရှိသမျှ ကြိုးစားအားထုတ်ခြင်းအားဖြင့် နှစ်ဖက်သော အခြေအနေသည် ပြောင်းလဲသွားပေလိမ့်မည်။ ရန်သူက ရှူံးနိမ့်ပြီး ကျွန်ုပ်တို့ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားနိုင်ပေလိမ့်မည်။

တဆက်တည်းမှာပင် လက်နက်ကိုင် ခုခံနေသော အင်အားစုများသည် ကျွန်ုပ်တို့တဖွဲ့တည်း တမျိုးသားတည်း မဟုတ်ပေ။ အဖွဲ့အစည်းပေါင်းစုံ လူမျိုးပေါင်းစုံတို့သည် မိမိတို့၏ အဖိနှိပ်ခံမှုကို ရုန်းကန်လှုပ်ရှားနေပေသည်။ ကျွန်ုပ်တို့သည် ဤရုန်းကန်လှုပ်ရှားမှုတွင် လူမျိုးစု အသီးသီးနှင့် ဒီမိုကရေစီကို မြတ်နိုးသူများ စုစည်းပေါင်းရုံးကာ တ-ည-လ တပ်ပေါင်းစုတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။ ဤသည်ပင်လျှင် ကျွန်ုပ်တို့၏ ကြီးစွာသော အောင်မြင်မှုတရပ် ဖြစ်ပေသည်။ ကျွန်ုပ်တို့အဖို့ အင်အားကြီးထွားမှုသည် လျင်မြန်စွာ ဖြစ်ပေါ်နေလေသည်။

 


ဆက်ဖတ်လိုပါက

နိဒါန် အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) အပိုင်း(၄) အပိုင်း(၅) အပိုင်း(၆) အပိုင်း(၇) အပိုင်း(၈)  နိဂုံး