Tilbage til forsiden

 

Nai Shwe Kyin

တိုင္ပၠဵပု႙ဂွ္ သြက္ဂြံကေလင္ဒက္ပတန္ ဍဳင္မန္ပု႙အတိုင္ေႀတံ မဒးဒုင္ပၜံင္ၐးဏာကုႝဗဿာ ပႜဲသှာံ ၁၁၁၉ေတအ္။ ဍဳင္ပု႙ၐိုန္ရ ကလိဂြံသၜးပြး နူအင်ကလိက် ပႜဲသှာံ ၁၉၄၈ တေအ်ကီုလေဝ် အခေါင်သွက်မန်ဂှ် မုလေဝ်ဟွံကလိဂွံ။

နဲာယှ႙ုကျေန် (၁၉၁၃-၂၀၀၃)

ဥကၠဌေဗာ္ဍဳင္မန္တဿိ(ေႀတံ)

 

အပိုင်း (၆)

တော်လှန်စစ်၏ အခြေခံသဘောထားများနှင့် စစ်အညွှန်းများ

 ယနေ့ ကျွန်ုပ်တို့ ဆင်နွှဲနေသော တော်လှန်စစ်ကာလတွင် ကျွန်ုပ်တို့၏ စစ်သဘောနှင့် လိုက်လျောညီစွာ စစ်၏ အခြေခံ သဘောတရားများနှင့် စစ်၏ အညွှန်းများကို နားလည်သဘောပေါက်ရန် လိုအပ်ပေသည်။ ကျွန်ုပ်တို့သည် အင်အားချိနဲ့ နည်းပါးနေရာမှ အင်အားကြီးမားသော ရန်သူဖြိုခွင်းဖျက်ဆီး ကျဆုံးစေရန်အတွက် ဆောင်ရွက်ရန်မှာ တိကျသော အခြေခံသဘောထားနှင့် စစ်အညွှန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ပေသည်။

 တော်လှန်စစ်၏ အခြေခံသဘောထားများ-

 (၁) အင်အားနည်းသည့် ရန်သူ၏ နေရာများကို ရွေးချယ်တိုက်ခိုက်ရမည်။ ဤကဲ့သို့  တိုက်ခိုက်ယင်း အင်အား တိုးတက် ကြီးမားလာလျှင် ရန်သူ၏ ပိုမိုအင်အားကြီးသော နေရာများကို တိုက်ခိုက်ရမည်။

(၂) ကျေးရွာများ၊ မြို့ငယ်များကို ပထမ သိမ်းပိုက်ရမည်။

(၃) မြို့ရွာများ သိမ်းပိုက်ခြင်းထက် ရန်သူကို လုံးဝပျက်စီးသွားအောင် တိုက်ဖျက်ချေမှုန်းရေးကို ဦးစားပေး လုပ်ဆောင်ရမည်။

(၄) တိုက်ပွဲတိုင်း၌ မိမိဖက် အပြတ်အသတ် အင်အားသာအောင် စုစည်းတိုက်ခိုက်ရမည်။

(၅) အဆင်သင့် ပြင်ဆင်မှု မရှိဘဲ မည်သည့်တိုက်ပွဲကိုမှ မတိုက်ရ။

(၆) စွန့်စွန့်စားစား ပင်ပင်ပန်းပန်း တိုက်ပွဲဝင်နိုင်အောင် လေ့ကျင့်ရမည်။ တိုက်ပွဲတစ်ခုပြီးတိုင်း နောင်တိုက်ပွဲတစ်ခု မစမီ၊ ထုသားပေသားရအောင် လေ့ကျင့်ရမည်။ သို့သော် ရန်သူအား နားနေခွင့်မရအောင် ဆောင်ရွက်ရမည်ကိုလည်း မမေ့အပ်ပေ။

(၇) နေရာယူထားသော ရန်သူထက် လှုပ်ရှားနေသော ရန်သူကို ရှာ၍ တိုက်ခိုက်ရန် လိုအပ်သည်။ ရန်သူလှုပ်ရှားလာအောင်လည်း လှုံ့ဆော် လုပ်ဆောင်ရမည်။ (ဖြစ်နိုင်ပါက ရန်သူတပ် လုံးဝပျက်စီးသွားအောင် တိုက်ခိုက်ရမည်။)

(၈) “ရန်သူ့လက်နက်၊ ကိုယ့်လက်နက်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိ၏ အင်အားကြီးထွားရေးအတွက် ရန်သူ့ထံမှ လက်နက်များရအောင် အာရုံစိုက် ဆောင်ရွက်ရမည်။

(၉) တိုက်ပွဲတိုင်း အမြန်ပြီး တိုက်ပွဲများကို တိုက်ရမည်။

(၁၀) တိုက်ပွဲတိုင်း လက်ဦးမှုကို ရယူရမည်။ ကိုယ့်အကြိုက်တိုက်ပွဲမှ တိုက်ရမည်။ မိမိစိတ်ကြိုက်ရအောင် ကြိုးစားဖန်တီးယူရမည်။

 ဆန့်ကျင်ရမည့် သဘောထားများ

 အထက်ဖော်ပြပါ စစ်ရေးအခြေခံသဘောတရားများကို အောင်မြင်စွာ ကျင့်သုံးနိုင်ရန်အတွက် အောက်ပါသဘောထားမျာကို ဆန့်ကျင်ရမည်။

(၁) ခံစစ်သေကို ဆန့်ကျင်ရမည်။

(၂) တစ်ဖက်သတ် မိမိ၏ အင်အား ထိန်းသိမ်းရေးကို ဆန့်ကျင်ရမည်။ (ချေမှုန်းသုတ်သင်ရေးကို မပြုလုပ်နိုင်ပါက ထိန်းသိမ်းရေးလည်း မပြုလုပ်နိုင်)

(၃) တဖက်သတ် ချွှေစစ်ကို ဆန့်ကျင်ရမည်။ သုတ်သင်ရေးစစ်သည် အဓိက တိုက်ခိုက်ရေး အသွင်သဏ္ဍာန်ဖြစ်ပြီး ချွှေစစ်သည် အရန်ဖြစ်သည်။

(၄) အရာရာကို ရှောင်တိမ်းရေး၊ ထွက်ပြေးရေး၊ မခုခံရေး၊ မလိုအပ်ဘဲ ဖြန့်ခွဲရေးများကို ဆန့်ကျင်ရမည်။

(၅) စွန့်စားရေးဝါဒ၊ မိုက်ရှူးရဲဝါဒ၊ အရမ်းတိုက်ခိုက်ခြင်း၊ ကြိုတင်ပြင်ဆင်မှု မပြည့်စုံဘဲ တိုက်ခိုက်ခြင်းများကို ဆန့်ကျင်ရမည်။

 စစ်အညွှန်းများ

 (၁) တိုက်ခိုက်ရေးအညွှန်း ။                               ။ အားနည်းသော ရန်သူ၊ အဆက်ပြတ်နေသောရန်သူ၊ ပျော့ညံနေသောရန်သူ၊ စိတ်ဓါတ် ကျဆင်း နေသော ရန်သူ၊ ပြင်ဆင်မှုမရှိသောရန်သူ၊ သတိလစ်နေသော ရန်သူ၊ ကျွန်ုပ်တို့ကျော့ကွင်းတွင် မိနေသောရန်သူ၊ လူထုဆန့်ကျင်နေသော ရန်သူ၊ အမှားကျူးလွန်နေသော ရန်သူများကို အဓိကထား၍ တိုက်ခိုက်ရမည်။ အလစ်အငိုက်ကို ကောင်းစွာ အသုံးပြုရမည်။

 (၂) ချေမှုန်းသုတ်သင်ရေးအညွှန်း။                     ။ မိမိတိုက်ခိုက်ရမည့် ရန်သူများအား တိုက်ခိုက်ရာ၌ အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်ရမည်။ တိုက်ခိုက်ရာ၌လည်း သာလွန်သော အင်အား၊ အမြန်ပြီးသည့် တိုက်ပွဲစနစ်ဖြင့် တိုက်ရမည်။ ရန်သူအား အချိန်ဆွဲ၍ မည်သည့်အခါမျှ မတိုက်မိရန် သတိထားရမည်။

(၃) တိုက်ပွဲအနိုင်အရှူံးစံချိန်။        ။ တိုက်ပွဲတိုင်း ရန်သူအထိနာစေရမည်။ ကျဆုံးဒဏ်ရာရစေရမည်။ အဓိကအားဖြင့် ရန်သူထံမှ လက်နက်ခဲယမ်းမီးကျောက်များကို ရယူနိုင်ရမည်။ ထို့ကြောင့် တိုက်ပွဲ၏ အနိုင်အရှူံးကို ရန်သူ ကျဆုံးဒဏ်ရာရရှိမှု၊ သုံ့ပန်းဖမ်းဆီးရရှိမှု၊ လက်နက်ခဲယမ်းမီးကျောက် သိမ်းဆည်းရရှိမှုအပေါ်တွင် ဆုံးဖြတ်ရပေမည်။ တိုက်ပွဲအရေအတွက်များပြီး ရန်သူကို မောင်းထုတ်နိုင်ရုံနှင့် မဆုံးဖြတ်သင့်။

(၄) ရန်သူတပ် ဖြိုခွဲရေး

(က) ရန်သူအား ချေမှုန်းစစ်ဆင်ခြင်း

(ခ) နိုင်ငံရေးတိုက်ပွဲဆင်ခြင်း

(ဂ) မှန်ကန်သော သုံ့ပန်းအပေါ် သဘောထားများ ချမှတ်ကာ တင်းကြပ်စွာ လိုက်နာကျင့်သုံးခြင်းများ ပြုလုပ်ရမည်။ ရန်သူများအား တိုက်ခိုက်ရာတွင် အတတ်နိုင်ဆုံး လူထုများ မထိခိုက်ရလေအောင် ဂရုစိုက်ရမည်။

 (၅) ဖျက်ဆီးရေးလုပ်ငန်း။            ။ ရန်သူ၏ စစ်ရေးနှင့် ပါဝင်ပတ်သက်နေသော လုပ်ငန်းများအားလုံး (လမ်းပန်းဆက်သွယ်ရေး၊ မီးရထား၊ မော်တော်ကား၊ လမ်းရှိတံတားများ၊ ရဲဌာနများ၊ စစ်ရုံးများ၊ စစ်ပစ္စည်း သိုလှောင်ရန် ဂိုဒေါင်များ၊ စစ်တန်းလျားများ၊ စစ်ယာဉ်များ၊ အုပ်ချုပ်ရေး ရုံးများ၊ ကုန်လှောင်ရုံကြီးများ၊ စစ်နှင့်ဆိုင်သော အဆောက်အဦးများ၊ စက်ရုံအလုပ်ရုံများ) စသည်တို့ကို ဖောက်ခွဲ ဖျက်ဆီးပစ်ရမည်။ အချို့လိုအပ်ပါက အစိုးရနှင့် သက်ဆိုင်သော လုပ်ငန်းရပ်များကိုလည်း ဖျက်ဆီးပစ်ရမည်။

 (၆) တပ်စွဲသော ရန်သူအား တိုက်ခိုက်ခြင်း ။                 ။ လက်ရှိအခြေအနေအရ တပ်စွဲနေသော ရန်သူအားပေါ် မူတည်ပြီး ပိုင်နိုင်သော အခြေအနေပေါ်တွင် တိုက်ခိုက်ရမည်။ အခြေအနေတရပ်လုံးကို ခြုံကြည့်လျှင် လက်ရှိအခြေအနေတွင် ရန်သူတပ်စွဲထားသော နေရာများကို တိုက်ခိုက်ရန် အခွင့်မသာသေးချေ။ အခွင့်သာသော ကာလသို့ ရောက်ရှိလာသောအခါတွင် တိုက်ခိုက်ချေမှုန်းရမည်။

 (၇) တိုက်ပွဲတိုင်းတွင် လူထုဆန့်ကျင်မှုများ မဖြစ်စေရေး။             ။ မည်သည့်တိုက်ပွဲမျိုးတွင်မဆို လူထုဆန့်ကျင်သည့် အပြုအမူများကို မည်သည့်နည်းနှင့်မျှ မကျူးလွန်စေရ။ မြူဆွယ်တိုက်ပွဲတွင်၎င်း၊ လူထုအကြား ဝင်ရောက်တိုက်ခိုက်ရသော တိုက်ပွဲတွင်၎င်း၊ လူထုနှင့် မဆန့်ကျင်စေရ။ (ဆိုလိုသည်မှာ - ရန်သူအား မြူဆွယ်ရာတွင် လူထုဆန့်ကျင်ရေးလုပ်ငန်းများ ပြုလုပ်ခြင်း၊ လူထုပိုင် ပစ္စည်းများကို တိုက်ပွဲတွင် ယူငင်ခြင်း၊ ဓားပြတိုက် ပြန်ပေးဆွဲ စသည့် လုပ်ငန်းများ)

 (၈) ရသမျှ လက်နက်များကို စွမ်းအားရှိသမျှ အသုံးပြုရေး။         ။ ရန်ပုံခွင်းလက်နက်များ၊ မိုင်းများ စသည်တို့ကို ကျယ်ပြန့်စွာ အသုံးပြုရမည်။ မိုင်းစစ်ပွဲများကို ကျယ်ပြန့်စွာ တိုက်ခိုက်ရမည်။

အခြေခံစခန်းတည်ဆောက်ရေး

တော်လှန်ရေး အခြေခံစခန်းတည်ဆောက်ရေးသည် ရေရှည်တော်လှန်ရေးတရပ်တွင် မပါလျှင် မပြီးသော အရေးကြီးသော လုပ်ငန်းဖြစ်ပေသည်။ တော်လှန်ရေး အခြေခံစခန်း တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်သည် အောက်ပါအတိုင်း ဖြစ်သည်။

(၁) လက်နက်ကိုင် အဖွဲ့အစည်းများအား အဖွဲ့အစည်းများ ပြင်ဆင်ပေးခြင်း၊ လေ့ကျင့်ခြင်း၊ ပညာပေးခြင်း စသည့်လုပ်ငန်းများကို တည်ငြိမ်စွာ လုပ်ကိုင်နိုင်ရေး။

(၂) ပြည်သူလူထုအား လွတ်လပ်သော၊ ဒီမိုကရေစီထွန်းကားသော စံပြနယ်မြေ ထူထောင်ရေး။

(၃) ဖိနှိပ်ချုပ်ချယ်မှုကင်းသော လူထုစီးပွား တိုးတက်မှုကို အခြေခံသော စံပြစီးပွားရေးစနစ် ထူထောင်ရေး စသည့် အခြေခံအချက် (၃) ချက် အပေါ် အခြေခံပြီး လွတ်မြောက်သော တော်လှန်ရေး အခြေခံစခန်းတွင် ပြည်သူလူထု၏ ဒီမိုကရေစီ ခံစားခွင့်၊ စီးပွားရေး တိုးတက်မှုတို့ကို ထင်ဟပ်စေပြီး ထိုမှတဆင့် နယ်မြေသစ် တိုးချဲ့ရေး၊ သိမ်းပိုက်ရေးမှတဆင့် တပြည်လုံး လွတ်မြောက်စေရေး တော်လှန်ရေး အောင်ပွဲခံနိုင်ရေးတို့ ဖြစ်သည်။

တော်လှန်ရေး အခြေခံစခန်း တည်ဆောက်ရေးသည် ကောင်းမွန်သော လူထုအခြေခံ၊ ခိုင်မာကျစ်လစ်သော အဖွဲ့အစည်းများနှင့် သင့်တင့်လုံလောက်သော လက်နက်ကိုင်တပ်မတော် ရှိရမည်။ စစ်ရေးအတွက်လည်း အခွင့်သာသော အခြေအနေ ရှိရမည်။ သင့်တင့်ကောင်းမွန်သော အခြေခံ စီးပွားရေးလည်း ရှိရမည်။ တော်လှန်ရေး အခြေခံစခန်း တည်ဆောက်ရေးသည် မဖြစ်မနေ လိုအပ်သော လုပ်ငန်းရပ်ဖြစ်သည်။ ပထမအားဖြင့် ပျောက်ကျား အခြေခံစခန်း၊ ထိုမှတဆင့် ခိုင်မာသော အခြေခံစခန်းစသည်ဖြင့် အဆင့်ဆင့် တည်ဆောက်ရမည်။ ထို့ကြောင့် အခြေခံစခန်း တည်ဆောက်ရေးသည် အောင်ပွဲ သေနင်္ဂဗျူဟာအရ အရေးကြီးသော လုပ်ငန်းဖြစ်သည်နှင့်အညီ လိုအပ်သော အချက်အလက်များကို လေးလေးနက်နက် စဉ်းစားပြီး ပြုလုပ်ရန် အထူးလိုအပ်ပေသည်။

 


ဆက်ဖတ်လိုပါက

နိဒါန် အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) အပိုင်း(၄) အပိုင်း(၅) အပိုင်း(၆) အပိုင်း(၇) အပိုင်း(၈)  နိဂုံး