Back to Home
   

 

Nai Shwe Kyin

တိုင္ပၠဵပု႙ဂွ္ သြက္ဂြံကေလင္ဒက္ပတန္ ဍဳင္မန္ပု႙အတိုင္ေႀတံ မဒးဒုင္ပၜံင္ၐးဏာကုႝဗဿာ ပႜဲသှာံ ၁၁၁၉ေတအ္။ ဍဳင္ပု႙ၐိုန္ရ ကလိဂြံသၜးပြး နူအင်ကလိက် ပႜဲသှာံ ၁၉၄၈ တေအ်ကီုလေဝ် အခေါင်သွက်မန်ဂှ် မုလေဝ်ဟွံကလိဂွံ။

နဲာယှ႙ုကျေန် (၁၉၁၃-၂၀၀၃)

ဥကၠဌေဗာ္ဍဳင္မန္တဿိ(ေႀတံ)

 

အပိုင်း (၈)

တပ်မတော်တည်ဆောက်ရေးဆိုင်ရာ ပြဿနာများ

(၁) တပ်မတော်တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ။

တပ်မတော်သည် နှစ်မျိုးနှစ်စားရှိသည်။ တစ်မျိုးမှာ ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် ပြည်သူများကို အလုပ်အကြွေး ပြုရန်အတွက် ပြည်သူများကို ဖွဲ့စည်းလေ့ကျင့် လက်နက်တပ်ဆင်ပေးသော ပြည်သူ့တပ်မတော်မျိုးဖြစ်သည်။ အခြားတစ်မျိုးမှာ ပြည်သူများကိုပင် ဖွဲ့စည်းလေ့ကျင့် လက်နက်တပ်ဆင်ပေး၍ လက်တစ်ဆုပ်စာ လူနည်းစု မြေရှင်၊ အရင်းရှင် အုပ်စိုးသူ လူတစ်စု၏ အကျိုးစီးပွားကို ကာကွယ်ပြီး ပြည်သူကို ဖိနှိပ်ခေါင်းပုံဖြစ် ကျွန်ပြုသော ကြေးစား တပ်မတော်မျိုးဖြစ်သည်။

 ပြည်သူ့တပ်မတော်သည် ပြည်သူတို့နှင့် စည်းလုံးညီညွတ်စွာ နီးစပ်နေသောကြောင့် တိုင်းပြည်နှင့် လူမျိုးအား ကျူးကျော် ဖိနှိပ်လာမည့် အန္တရာယ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်သည်။ ပြည်သူတို့၏ ဒီမိုကရေစီအခွင့်အရေး၊ လွတ်လပ်ခွင့် အခွင့်အရေးတို့ကို ကာကွယ်စောင့်ရှောက်ပေး၏။ လူတစ်စုအကျိုးအတွက်ဖြစ်သော ကြေးစားတပ်မတော်သည် ပြည်သူနှင့် ကင်းကွာနေ၍ တိုင်းပြည်နှင့် လူမျိုးအား ကာကွယ်ရာတွင် စွမ်းအင်မဲ့ ဖြစ်သည်။ ယိမ်းယိုင်တွေဝေသည်။ ပြည်သူတို့၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့် အခွင့်အရေးများကို ဖျက်ဆီးသည်။

ထိုသို့သော ပြည်သူ့တပ်မတော်တစ်ရပ် တည်ဆောက်ရေးသည် အခြေခံမု (၃) ရပ်ဖြင့် တည်ဆောက်ရမည်။ ၄င်းတို့မှာ -

 (က) အမျိုးသားရေး လက္ခဏာ

(ခ) ပြည်သူ့အကြိုက် လက္ခဏာနှင့်

  (ဂ) ဒီမိုကရေစီရေး လက္ခဏာ တို့ ဖြစ်သည်။

 အမျိုးသားလက္ခဏာဆောင်ရာတွင် ၄င်းတပ်မတော်သည် မဟာလူမျိုးကြီးဝါဒ အုပ်စိုးသူများ လက်နက်ကိုင် ဖိနှိပ်မှုကို ခုခံဆန့်ကျင် တွန်းလှန်မည်ဆိုသော အယူအဆကို ထားရှိခြင်း၊ မိမိတို့မွေးရာပါ အခွင့်အရေးနှင့် လွတ်လပ်မှုကို ကာကွယ်ထိန်းသိမ်း၍ သာယာဝပြောသော ပြည်သစ်ကို ထူထောင်ရာတွင် အမြင့်မားဆုံးသော စိတ်အားထက်သန်မှုကို ထားရှိခြင်း တို့ပင်ဖြစ်သည်။

အခြေခံမူ (၂) ဖြစ်သော ပြည်သူအကြိုက် ဖြစ်ရခြင်းမှာ ၄င်းတို့သည် ပြည်သူတို့အထဲမှပင် ပေါ်ထွက်လာကာ ပြည်သူတို့၏ လွတ်မြောက်ရေးနှင့် သက်သာချောင်ချိရေးအတွက် အမြဲတမ်း ကြိုးပမ်းခြင်းပင်ဖြစ်သည်။

 ဒီမိုကရေစီကျရခြင်း အကြောင်းရင်းမှာ ပြည်သူ့တပ်မတော်သည် ၄င်းတို့ကိုယ်ကို ၄င်းတို့ပြည်သူနှင့်အတူ စည်းလုံးညီညွတ်ခြင်း၊ ပဒေသရာဇ်စနစ်၊ စစ်ဘုရင်စနစ်တို့ကို လုံးဝပယ်ဖျက်၍ ဒီမိုကရေစီအတွက် ပြည်သူတို့ ကြိုးပမ်းတိုက်ခိုက်ရန် လက်နက်တစ်ရပ် ဖန်းတီးပေးခြင်းတို့ကြောင့် ဖြစ်သည်။

ဤသည်တို့သည် ပြည်သူ့တပ်မတော်တစ်ရပ် တည်ဆောက်ရေးအတွက် အခြေခံမူ (၃) ရပ်ဖြစ်သည်။ သို့ရာတွင် ယေဘူယျဖြစ်သောမူမှာ အခြေခံအားဖြင့် ပြည်သုတို့ထံမှလာပြီး ပြည်သူတို့ကို အလုပ်အကြွှေးပြုရန်ဖြစ်သည်။ တပ်မတော် ပြန်လည် ဖွဲ့စည်းရေးအတွက် ဤနည်းသည် စံနမူနာဖြစ်သည်။ ကျွန်ုပ်တို့သည် တော်လှန်ရေးတွင် အောင်ပွဲဆင်၍ ဒီမိုကရေစီနှင့် မွေးရာပါ အခွင့်အရေးတို့ကို လိုချင်ပါက ဤသို့သော တပ်မတော်မျိုးကို လိုအပ်နေပေသည်။ ဤသို့သော တပ်မတော်မျိုးကို အားနည်းစေလိုမှုများ၊ တပ်များကို ပြည်သူ့ဆန့်ကျင်ရေးတပ်များ၊ ကြေးစားတပ်များကဲ့သို့ ဖွဲ့စည်းလိုသူများရှိက သူတို့၏ ကိုယ်ပိုင်မြေကတုတ်ကို ဝင်ဖျက်ဆီးလိုခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ခုခံတော်လှန်စစ်ကို ဖျက်ဆီးပြုသည်ဟု ဆိုရပေမည်။

(၂) တပ်သားစုဆောင်ရေး

ပြည်သူ့တပ်မတော်သည် ကြေးစားနှင့် ပြည်သူ့ဆန့်ကျင်ရေး တပ်များကဲ့သို့ မဟုတ်ပဲ၊ တပ်သားစုဆောင်းရာတွင် မိမိဆန္ဒအလျှောက် တပ်တွင်းသို့ ဝင်ရောက်ရေး အခြေခံပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ အနူးညွတ် ဆွဲဆောင်သိမ်းသွင်းရေး အခြေခံပေါ်တွင် တည်ဆောက်ထားပေသည်။ မဟာလူမျိုးကြီးဝါဒ လက်နက်ကိုင်ရန်သူကို ခုခံတိုက်ခိုက်ရန်၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီ အခွင့်အရေးများ ရရှိရန်၊ သာယာဝပြောသောပြည်သစ် တည်ဆောက်ရန်အတွက် ဆန္ဒအလျှောက် ဝင်ရောက်လာသော သူများကို တပ်မတော်သို့ စုဆောင်းရန် ဖြစ်သည်။ ပြည်သူနှင့် နီးကပ်စွာ ဆက်သွယ်မှု ရှိနေပါက ဤကဲ့သို့သော တပ်မတော်သားများအဖြစ် ရရှိနိုင်မည့် အင်အားမှာ ကုန်ခမ်းနိုင်ဖွယ်ရာ မရှိပေ။ သို့သော် ပြည်သူ့ဆန်ကျင်သူများနှင့် ရန်သူ့ဘက်သား သူလျှိုများ မပါဝင်လာနိုင်အောင် သတိကြီးစွာ ထားရန် လိုသည်။

(၃) တပ်မတော်ကို ထိန်းသိမ်းထောက်ပံ့ရေး

တပ်မတော်တစ်ခုကို ထိန်းသိမ်းရာ၌ ပြည်သူ့ဆန့်ကျင်ရေး ကြေးစားတပ်သည် ပြည်သူများအား ဖိနှိပ်ချုပ်ချယ်ခြင်းမှ အစပျိုးလာသောကြောင့် အကျိုးဆက်အားဖြင့် စစ်သားများအပေါ်တွင်လည်း ချယ်လှယ်ခြင်းမှ အစပျိုးလာခြင်းဖြစ်ပေသည်။ ထိုသို့မဟုတ်ဘဲ ပြည်သူ့တပ်မတော်သည် ပြည်သူကို ချစ်ခင်ခြင်းမှ အစပျိုးလာသည်ဖြစ်၍ စစ်သားများအားလည်း ချစ်ခင်ခြင်းမှ အစပျိုးပေသည်။

ကျွန်ုပ်တို့ တော်လှန်ရေးတပ်များသည် စစ်ယူနီဖောင်း ဝတ်ထားသော လက်နက်ကိုင် ပြည်သူများအား စုရုံးထားသော အစုအဝေးတစ်ရပ် ဖြစ်ပေသည်။ သူတို့သည် သာမာန်ပြည်သူများကဲ့သို့ အစားအသောက်၊ အဝတ်အစားတို့အတွက် အေးအေးလူလူ လုပ်ကိုင်စားသောက်လိုကြသည်။ ဤသို့သော ရုပ်ဝတ္ထုဆိုင်ရာ အဟာရအပြင် လက်နက်ကိုင် ဖိနှိပ်သူကို ဆန့်ကျင်တိုက်ပွဲဝင်ရန်နှင့် ပြည်သူတို့ကို ချစ်ခင်စည်းရုံး လှုံ့ဆော်ရန် ပညာပေးခြင်းဟူသော စိတ်ဓါတ်အဟာရကို ဖြည့်ဆည်းပေးရန် ကျွန်ုပ်တို့ ဂရုပြု ရပေမည်။

ပထမအနေနှင့် ပြည်သူတို့အပေါ်တွင် ကျရောက်သည့် ဝန်ထုပ်ဝန်ပိုးကို အလွန်ကြီးလေးလာအောင် တိုးမပေးရ ဟူသော မူပေါ်တွင် အခြေခံ၍ တပ်မတော်၏ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းမှုကို ထိန်းသိမ်းထောက်ပံ့ရမည်။ သို့မဟုတ်ပါက ပြည်သူတို့၏ စားဝတ်နေရေးဘဝသည် ကြပ်တည်းခက်ခဲလာကာ တပ်မတော်၏ ဘဝသည်လည်း ခက်ခဲလာလိမ့်မည်။ တပ်မတော်သည် ရန်သူကို တိုက်ခိုက်ရန် အင်အားမရှိဖြစ်လာပါလိမ့်မည်။ အခြေအနေသည် တိုးတက် ကောင်းမွန်လာ၍ တပ်မတော် တိုးချဲ့ရန် လိုအပ်လာပါက ပြည်သူတို့အပေါ် တာဝန်မပိုစေပဲ တိုးချဲ့ရမည်။ အခြေအနေသည် ကြပ်တည်း ခက်ခဲလာပါက တပ်သားဦးရေကို လျှော့ချ၍ အရည်အသွေးတိုးမြှင့်ခြင်း စသည်ဖြင့် တပ်နှင့်ပြည်သူ အကျိုးစီးပွားနှစ်ခုစလုံးကို ထည့်သွင်းစဉ်းစား၍ လိုက်နာလုပ်ဆောင်ရန် လိုအပ်ပေသည်။

ဒုတိယအားဖြင့် တပ်မှူးရော တပ်သားပါ တူညီသော တပ်တွင်းဆိုင်ရာ ခံစားခွင့် ရရှိစေရမည်ဟူသော မူအတိုင်း တပ်မတော်အတွင်းရှိ လူအားလုံးကို ခံစားခွင့် ရှိစေရပါမည်။ တပ်မှူးများသည် တပ်သားများနှင့်အတူ ဒုက္ခသုခကို မျှဝေခံစား၍ စံနမူနာပြုရမည်။ အကျိုးစီးပွားဖက်မှ နေသူ၊ တပ်သားများ ခံစားရမည့် ဒုက္ခသုခကို ညှာတာထောက်ထားမှုရှိသူ၊ တပ်သားများနှင့် ကင်းကွာမနေတတ်သူ တပ်မှူးများကိုသာလျှင် တပ်မှူးကောင်းများဟု ခေါ်ဆိုနိုင်သည်။ ဤသည်ကား ကျွန်ုပ်တို့၏ တပ်မတော်ကို ထိန်းသိမ်းထောက်ပံ့ရာတွင် အသုံးပြုသည့် မူဖြစ်သည်။

တတိယအားဖြင့် တပ်မတော်၏ ရုပ်ဝတ္ထု လိုအပ်ချက်များကို ဖြေရှင်းရန်နှင့် ပြည်သူတို့အပေါ်တွင် ကျရောက်မည့် ဝန်ထုပ်ဝန်ပိုးကို ပေါ့ပါးမှု ရှိစေရန်အတွက် တိုက်ချိန်နှင့် လေ့ကျင့်ရေးလုပ်ချိန်ကြားတွင် တပ်မတော်ကိုယ်တိုင်က ကုန်ထုတ်လုပ်ရေးတွင် ဝင်ရောက် လုပ်ကိုင်စေရေးပင် ဖြစ်သည်။ ဤသို့ တပ်မတော်က ကုန်ထုတ်လုပ်ရေးကို ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူတို့၏ ဝန်ထုပ် ဝန်ပိုးလည်း လျော့ကျသွားမည်ဖြစ်သည်။ ပြည်သူတို့နှင့် ပို၍ နီးစပ်စွာ ပေါင်းစည်းမိလာမည်ဖြစ်သည်။ တပ်မတော်၏ ဘဝသည်လည်း ပိုမိုအသက်ဝင် ထထကြွကြွ ရှိလာပြီး ပိုမိုတောင့်တင်းခိုင်မာလာမည် ဖြစ်ပါသည်။ လေ့ကျင့်ရေးလည်း ပိုမိုထိရောက်လာမည်။ တိုက်ခိုက်ရေးကိုလည်း ပိုမိုလှုပ်ရှားတက်ကြွှစွာ လုပ်ကိုင်လာမည်ဖြစ်သည်။ တပ်အတွက် ထိန်းသိမ်းထောက်ပံ့ရန် မကုန်ခမ်းနိုင်သော ရန်ပုံငွေများကိုလည်း ဤနည်းဖြင့် ရရှိလာနိုင်ပေသည်။

 ထို့အပြင် တပ်မတော်မှ ကိုယ်လက်အင်္ဂါ ချို့ယွင်းသူများ၊ တပ်မတော်သားများ၏ အိမ်ထောင်စုများ၊ မှီခိုသူများကို အထောက်အပံ့ ပေးခြင်းများအပြင် ၄င်းတို့ကိုယ်တိုင် ကုန်ထုတ်လုပ်ရေးကို တိုးပွားအောင် လုပ်ရေးနှင့် ၄င်းတို့၏ မိသားစုရေးရာများကို ၄င်းတို့ဘာသာ စီမံဆောင်ရွက်ရန်လည်း အကူအညီပေးရန် လိုအပ်ပေသည်။

(၄) တပ်မတော်တစ်ရပ်ကို ခေါင်းဆောင်နည်း

 ပြည်သူ့ဆန့်ကျင်ရေး တပ်တို့သည် တပ်မတော်များကို ကျွန်အဖြစ် သဘောထား၍ ခေါင်းဆောင်နည်းကို ကျင့်သုံးသည်။ ထို့ကြောင့် စစ်သားများကို အသိဥာဏ်ကင်းနေအောင်လုပ်ရေး ပေါ်လစီကို အသုံးပြုကြသည်။ အကြောင်းမှာ စစ်သားများသာ အမြင်မှန်ရလာပါက သူတို့သည် ပြည်သူတို့ကို ဆန့်ကျင်၍ ဘာမျှ လုပ်ကြတော့မည် မဟုတ်သောကြောင့် ဖြစ်သည်။ ပြည်သူ့တပ်မတော်သည် ဤနည်းနှင့် ဆန့်ကျင်၍ တပ်မတော်ကို ခေါင်းဆောင်ရာ၌ ဒီမိုကရေစီနည်းအရ အထက်မှ ကြိုးကိုင်သည့်နည်းကို သုံးသည်။ တပ်သားများအား ရိုက်နှက်ဆဲဆိုသည့် အကျင့်ကို ပယ်ဖျက်၍ တပ်မှူးနှင့် တပ်သားများအတွင်း တန်းတူမှုနှင့် လေးစားမှုကို အသိအမှတ်ပြုသည်။ တစ်ခုတည်းသော ခြားနားမှုမှာ တာဝန်ဝတ္တရားသာ ဖြစ်သည်။ တပ်မှူးများက တပ်သားများကို ညှင်းပမ်းနှိပ်စက်ရေးအတွက်လည်းကောင်း၊ အထက်တပ်မှူးများက အောက်တပ်မှူးများကို ဖိနှိပ်ရေးအတွက်လည်းကောင်း နိုင်ငံရေးအရ ခွဲခြားခြင်းဟူ၍ မရှိစေရပေ။ တပ်မတော်သား တို့သည် ပြည်သူတို့ကို အလုပ်အကြွေးပြုရန် တပ်မတော်သို့ ဝင်လာခြင်းဖြစ်သည်။ တပ်မှူးနှင့် တပ်သားများသည် သင့်တင့် လျှောက်ပတ်သော အစည်းအဝေးများ၌ သူတို့အချင်းချင်း အပြန်အလှန် ဆက်ဆံရေးများကို ခိုင်မာအောင် လုပ်ရန်နှင့် စစ်အမိန့်များကို ပိုမိုကျေပွန်စွာ ထမ်းဆောင်နိုင်ရန် သူတို့အချင်းချင်းကြားတွင် ကိုယ့်ကိုယ်ကို ဝေဖန်ရေး ကျင့်သုံးကြသည်။ “ကျွန်ုပ်တို့သည်၊ နိုင်ငံရေး အသိဥာဏ်ပေါ်တွင် အခြေပြု၍ တည်ဆောက်ထားခြင်းဖြစ်ပြီး တပ်မှူးတပ်သားတိုင်း ချွင်းချက်မရှိ လိုက်နာရသော အလွန်တင်းကြပ်သည့် စစ်စည်းကမ်းနှင့် လူထုစည်းကမ်းတို့ကို အလိုရှိပေသည်။ စံနမူနာယူလောက်သော ကျင့်ကြံပြုမူနည်းများ ပြသခြင်းအားဖြင့် တပ်မှူးများသည် တပ်သားများအား က္ပွပ်ကဲခေါင်းဆောင်သွားရန် အလွန်လိုအပ်ပေသည်။”

တပ်မှူးတပ်သားများ ဆက်ဆံရေးသည် သူတို့၏ ချစ်ခင်ကြသော ဆက်ဆံရေးမျိုး၊ တော်သောဆရာနှင့် သူတို့၏ ကျောင်းသားများ ဆက်ဆံရေး၊ အကိုကြီးနှင့် ညီငယ်များ ဆက်ဆံရေးမျိုး ဖြစ်ရပေမည်။

(၅) တပ်မတော်ကို လေ့ကျင့်ပေးရေး

 ပြည်သူ့တပ်မတော်ကို လေ့ကျင့်ပေးသည့်နည်းသည် နိုင်ငံရေး အသိဥာဏ်ရှိမှုနှင့် ဆန္ဒအလျောက် လုပ်ရသည့် မူအပေါ်တွင် အခြေခံသည်။ တပ်မတော်ကို လေ့ကျင့်ပေးရာတွင် အသွင် (၃) ရပ် ရှိပေသည်။ ပထမ - စိတ်ဓါတ်ကြံ့ခိုင်ရေး၊ ဒုတိယ - ကိုယ်လက်ကြံခိုင်ရေး၊ တတိယ - စစ်ရေးတို့အတွက် ဖြစ်သည်။ တပ်မတော်ကို လေ့ကျင့်ပေးရာ၌ ပထမဆုံးမှာ စိတ်ဓါတ်ကြံခိုင်ရေးကို လေ့ကျင့်ပေးရမည်။ အကယ်၍ တပ်မတော်သည် ပြည်သူလူထူ၏ အကျိုးစီးပွားအတွက် ပြည်သူတို့ကို လှုံ့ဆော်စည်းရုံးရန်၊ လက်နက်တပ်ဆင်ပေးရန်၊ အာဏာထူထောင်ပေးရန် မဟုတ်ပါက တိုက်ခိုက်နေသည်များလည်း အဓိပ္ပါယ် ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် တပ်မတော်သည် နိုင်ငံရေးအသိဥာဏ် မြင့်မားမှသာ၊ မိမိမည်သည့်အတွက်ကြောင့် တိုက်ခိုက်နေကြောင်း သိနားလည်မှသာ ၄င်းတပ်မတော်သည် ထိုးထွင်းရှေ့ဆောင်မှုကို ရလိမ့်မည်။ ရန်သူက ဖြိုဖျက်၍ မရသော ကြံ့ခိုင်သော တပ်မတော် ဖြစ်လာလိမ့်မည်။ နိုင်ငံရေး အသိတရားမှ ပေါ်ထွက်လာသော သတ္တိသည် တကယ့်သတ္တိဖြစ်သည်။

 နိုင်ငံရေး ဗဟုသုတနှင့် စစ်ရေးဗဟုသုတကို မြှင့်တင်ပေးရန်အတွက် ယဉ်ကျေးမှု အဆင့်အတန်းလည်း အနည်းအကျဉ်း အခြေခံရှိရမည်။ နိုင်ငံရေးနှင့် ယဉ်ကျေးမှုရေးရာ ပညာပေးခြင်းကိုသာမက ကုန်ထုတ်လုပ်ရေးကိုပါ ထပ်လောင်း၍ ပေးရပေမည်။ ကုန်ထုတ်လုပ်ရေးနှင့် ပတ်သတ်၍ ပညာပေးခြင်းသည် ကုန်ထုတ်လုပ်ရေးကို ဝိုင်းဝန်းကူညီရာရောက်ရုံမျှမက အလုပ်လုပ်ခြင်းကို လေးစားရသည်ဆိုသော အယူအဆကို ဖြန့်ဝေရာလည်း ရောက်ပေသည်။ ဤနည်းဖြင့် တပ်မတော်သားများအဖို့ အရပ်တကာလှည့်နေသော လူပျင်းများအဖြစ်သို့ ရောက်မသွားအောင်လည်း တားဆီးပေးရာ ရောက်ပေသည်။ တော်လှန်ရေးစစ်ပွဲ အောင်ပွဲခံ အောင်မြင်ပြီးဆုံးသော အခါလည်း အသုံးဝင်သူများ ဖြစ်လာပေမည်။

ဒုတိယမှာ ကိုယ်လက်ကြံ့ခိုင်ရန် လေ့ကျင့်ပေးခြင်း ဖြစ်သည်။ တိုက်ပွဲဝင်ရာတွင် အပင်ပမ်းခံ၊ အကြပ်အတည်းဒဏ်ခံနိုင်ရန် ကိုယ်လက်ကြံခိုင်မှုသည် အရေးကြီးပေသည်။ ကာယဗလ တိုးပွားလာပြီး သန်မာတောင့်တင်းသော တပ်မတော်သားများ ဖြစ်လာကြရန် ချစ်ခင်ယုယစွာ ဂရုစိုက် လုပ်ဆောင်ရပေမည်။

တတိယ လေ့ကျင့်ပေးရန်မှာ စစ်အတတ်ပညာနှင့် နည်းပရိယာယ် (တိုက်ပုံတိုက်နည်း)တို့ ဖြစ်သည်။ တပ်မတော်သည် နိုင်ငံရေးအသိတရား ရှိရုံနှင့် ပြည်စုံလုံလောက်မှု မရှိသေးပေ။ ကျွန်ုပ်တို့သည် ကြံ့ခိုင်တောင့်တင်းမှု ကောင်းမွန်သော စစ်အတတ်ပညာတို့နှင့် နိုင်ငံရေးအသိတရားပါ ပြည့်စုံလုံလောက်မှသာ ပိုမိုကြီးမားသော တိုက်ပွဲများတွင် အကျအဆုံးနည်းစွာဖြင့် အောင်မြင်နိုင်ပေမည်။ တပ်မှူးက တပ်သားများကို သင်ကြားပေးခြင်း၊ တပ်သားအချင်းချင်း သင်ကြားကြခြင်းနှင့် တပ်မှူးများက တပ်သားများထံမှ လေ့လာသင်ယူခြင်းကို ဆောင်ရွက်ရန် လိုသည်။

ကျွန်ုပ်တို့သည် တကယ့်တိုက်ပွဲများနှင့် စစ်မြေပြင်လှုပ်ရှားမှုများတွင် ရရှိသည့် အတွေ့အကြုံများကို ပေါင်းစည်းရှူမြင်ခြင်းတွင် အာရုံစိုက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ တိုက်ပွဲနည်းစနစ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လာနိုင်ပါမည်။

(၆) စစ်ပွဲတစ်ခုကို ဆင်နွှဲခြင်း

 ပြည်သူ့တပ်မတော်က အသုံးပြုသည့်နည်းမှာ အခြေအနေနှင့် လိုက်လျောညီထွေစွာပင် အမြဲပြောင်းလဲနေတတ်သည်။ တပ်မတော်ကိုယ်တိုင်အဖို့မူ နိုင်ငံရေးအသိရှိခြင်း၊ တပ်မှူးတပ်သားများအကြား အပြန်အလှန်နားလည်မှုရှိခြင်း၊ စည်းလုံးခြင်းတို့ကြောင့် လူတိုင်းလူတိုင်းသည် မိမိဘာသာ မိမိထိုးထွင်းရှေ့ဆောင်၍ လုပ်သွားနိုင်စွမ်း ရှိ၏။ စိတ်ထဲတွင် တစ်ခုတည်းသော ရည်ရွယ်ချက် ရှိနေသဖြင့် တိုက်ခိုက်ရေးသမားများသည် လှုပ်ရှားတက်ကြွှ၏။ လျင်မြန်၏။ ရန်သူကို ရဲဝံ့စွာ တိုက်ခိုက်နိုင်စွမ်းရှိ၏။ ဗိုလ်ချုပ်များသည် မိမိတို့၏ တပ်သားများအကြောင်းကို မသိပါက ၄င်းတို့၏  ဗိုလ်ချုပ်ကို ရန်သူ့လက်သို့ ကျရောက်စေသည်ဟူသော စကားကဲ့သို့ အချင်းအရာမျိုးကို တပ်မတော်တွင် မရှိစေရပေ။ စစ်ကို ဆင်နွှဲရာ၌ ပေါ်လစီကို အောက်ပါအတိုင်း အတိုချုံး ပြနိုင်ပေသည်။ မည်သို့သော ရန်သူကို ရင်ဆိုင်ရမည်၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် တိုက်ခိုက်ရမည်ဆိုသည့် အချက်ပေါ်တွင် တူညီပေသည်။ ဆိုလိုသည်မှာ တပ်မတော်တွင် ရှိသည့် အသုံးအဆောင်ပစ္စည်းများ၊ ရန်သူ့အခြေအနေ၊ ပြောင်းလဲနေသော အချိန်နှင့် မြေအနေအထားပေါ်တွင် အခြေခံ၍ တိုက်ပွဲကို တိုက်ရမည် ဖြစ်သည်။ စစ်ကို ဤကဲ့သို့ ဆင်နွှဲသော နည်းသည် သိသာမြင်သာသည့် အချက်ပေါ်တွင် အခြေခံသည့် နည်းဖြစ်သည်။ အခြေအနေများကို လေ့လာစီစစ်ကာ စိတ်ကိုပိုင်းဖြတ်ပြီး၊ ကျွန်ုပ်တို့၏ တိုက်ပုံတိုက်နည်း (နည်းပရိယာယ်)များကို အခြေအနေနှင့် ကိုက်ညီစွာ သတ်မှတ်၍ တိုက်ပွဲကို တိုက်ရန်ဖြစ်သည်။

စစ်ကို ဆင်နွှဲသွားရန် ယေဘူယျစည်းကမ်း နည်းလမ်းများနှင့် တပါတည်းတွဲ၍ လိုက်ပါလာသည့် အချက်မှာ တပ်မတော်နှင့် ကျယ်ပြန့်သည့် လူထုများ စည်းလုံးညီညွတ်ခြင်းဟူသည့် အချက်ဖြစ်သည်။ တစ်ဖက်ကကြည့်လျှင် တပ်မတော်က ဆင်နွှဲလိုက်သည့် စစ်ပွဲအားလုံးသည် ပြည်သူတို့၏ တိုက်ပွဲအဝဝကို (နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ စစ်ရေး၊ ရန်သူဆက်သွယ်ရေး လမ်းကြောင်းများကို ဖျက်ဆီးခြင်း) တို့ကိုလည်း တပ်မတော် စစ်ဆင်နွှဲရာတွင် အကူအညီဖြစ်အောင် အသုံးချရမည်။ ပြည်သူနှင့် တပ်မတော် ဤသို့ အဖက်ဖက်မှ တွဲဖက်ဆက်စပ် လုပ်ဆောင်ရေးကို စစ်ပွဲများ တိုက်ပွဲများတွင်လည်းကောင်း စစ်မြေပြင်တိုင်းတွင်လည်းကောင်း၊ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ရပေမည်။ ထိုကြောင့် နေရာတကာတွင် ပြည်သူတို့နှင့် သဘောတူညီမှု ရှိစေရန် လိုအပ်ပေသည်။ ထို့ကြောင့် တပ်မတော်သည် ရန်သူကို ချေမှုန်း၍ အောင်ပွဲဆင်နွှဲနိုင်ရေးအတွက် ကျွန်ုပ်တို့၏ တော်လှန်စစ် သေနင်္ဂဗျူဟာနှင့် နည်းပရိယာယ်ဆိုင်ရာ အခြေခံမူများမှာ တိုက်စစ်တွင် သူရဲကောင်းဝါဒကို ဆန့်ကျင်ပါ။ တနေရာမှ တနေရာသို့ ပြောင်းရွေ့စဉ် ရန်သူနှင့် ဝေးအောင် ပြေးလိုစိတ်ကို ဆန့်ကျင်ရန် ဖြစ်သည်။ ဤအခြေခံမူများကို စစ်တွင် တပ်မတော်နှင့် ပြည်သူတို့ ရင်းနှီး စည်းလုံး ညီညွတ်ရမည်ဟူသော အချက်နှင့် လိုက်လျှောညီအောင် ချမှတ်ထားခြင်း ဖြစ်ပေသည်။ သို့မှ တပ်နှင့် ပြည်သူ စည်းလုံးညီညွတ်ခြင်းကြောင့် ဤအခြေခံမူများကို လက်တွေ့ လုပ်ဆောင်နိုင်ပေမည်။

(၇) တပ်မတော်တွင်း နိုင်ငံရေး လုပ်ငန်း

တော်လှန်သော တပ်မတော်၏ ရည်ရွယ်ချက်သည် ပြည်သူတို့ကို အလုပ်အကြွေးပြုရန်နှင့် ပြည်သူတို့၏ မွေးရာပါ အခွင့်အရေးနှင့် လွပ်လပ်မှု အခွင့်အရေးတို့ကို ကာကွယ်ရန်ဖြစ်သဖြင့် နိုင်ငံရေးလုပ်ငန်းသည် ဤတပ်များ၏ အသက်သွေး ဖြစ်လာပေသည်။ ထို့ကြောင့် တော်လှန်သော တပ်မတော်၏ နိုင်ငံရေးလုပ်ငန်းတွင် -

 (၁) တပ်မှူးများ၊ တပ်သားများ၏ နိုင်ငံရေးအသိတရားများကို မြှင့်တင်ပေးရန်၊ အမျိုးသားနှင့် ပြည်သူတို့အား ချစ်ခင်စိတ် တိုးပွားအောင် လုပ်ဆောင်ပေးရန် သူတို့ကိုယ်သူတို့ ပြည်လည်ပြုပြင်ပုံသွင်းလိုစိတ် တိုးပွားလာအောင် လုပ်ပေးရန်။

(၂) မွေးရာပါနှင့် လွတ်လပ်ခွင့် အခွင့်အရေးတို့အတွက် ပြည်သူတို့၏ နိုင်ငံရေးကို မြှင့်တင်ပေးရန်၊ တပ်နှင့်ပြည်သူ ညီညွတ်စေခြင်း နှင့် ပြည်သူတို့အကြားတွင် ယဉ်ကျေးမှုနှင့် ပညာရေး လုပ်ငန်းတို့ကို ကူညီရန်။

(၃) ရန်သူတို့အား နိုင်ငံရေး စိတ်ဓါတ်ရေးအရ ပြိုကွဲသွားအောင် လုပ်ဆောင်ရန်၊ ဤနည်းဖြင့် ရန်သူ့တိုက်အားကို လျှော့ပါးသွားအောင် လုပ်ရန်။

(၄) တပ်မတော်၏ တိုက်ခိုက်ရေးအင်အားကို ခိုင်မာအောင်နှင့် တိုးတက်အောင် လုပ်ရန်၊ အမိန့်များကို မဖြစ်မနေ ဆောင်ရွက်အောင် လုပ်ရန်၊ နိုင်ငံရေး၊ စစ်ရေး၊ ယဉ်ကျေးမှုနှင့် ကုန်ထုတ်လုပ်ရေး ပြဿနာများ လေ့လာရေးကို ပြင်းထန်လာအောင် လုပ်ရန်။

(၅) ဘုံရန်သူကို ချေမှုန်းနိုင်ရေးအတွက် တော်လှန်ရေးလက်နက်ကိုင် မဟာမိတ်များနှင့် ရင်းနှီးစွာ စုစည်း၍ လက်တွဲရန်ဟူသော (၅) ချက် ပါဝင်ပေသည်။ ကျွန်ုပ်တို့၏ တပ်မတော်သည် ဘာကြောင့် ပြည်သူ့တပ်မတော် ဖြစ်နေရမည်၊ တပ်မှူးနှင့် တပ်သားများ၊ တပ်မတော်နှင့် ပြည်သူတို့ စည်းလုံးညီညွတ်မှုကို ဘာကြောင့် ရယူထားနိုင်ရမည်၊ ဘာကြောင့် ကျွန်ုပ်တို့ ဆင်နွှဲနေသော စစ်သည် ပြည်သူ့စစ် ဖြစ်ရသည်၊ ကျွန်ုပ်တို့သည် ပြည်သူ့သေနင်္ဂဗျူဟာ နည်းပရိယာယ်ကို ချသုံးနိုင်သည်၊ ကျွန်ုပ်တို့ စစ်ပွဲများတွင် ဘာကြောင့် အောင်ပွဲဆင်နိုင်ရသည် ဆိုသည့်အချက်များသည် အထက်ပါကဲ့သို့သော နိုင်ငံရေး လုပ်ငန်းမှ ခွဲခြားထား၍ ရနိုင်မည် မဟုတ်ပေ။

(၈) တပ်မတော်ကို ကွပ်ကဲခြင်း

ကျွန်ုပ်တို့ တော်လှန်ရေးတပ်မတော်၏ ကွပ်ကဲရေးအဖွဲ့အစည်းများ၊ အမိန့်ပေး အဖွဲ့အစည်းများကို အဆင့်လိုက် အဆင့်လိုက် ကြိုးကိုင်ခြင်း၊ စစ်ဆေးကြည့်ရှူခြင်းတို့ကို ပြုလုပ်ထားရပေမည်။ ၄င်းတို့အား အာဏာများရော ဝတ္တရားများပါ ပေးအပ်ရပေမည်။ အမိန့်များသည်လည်း ညီညီညွတ်ညွတ် အခြေအနေနှင့် ကိုက်ညီစွာ ရှိရပေမည်။ ထို့အပြင် တပ်ဖွဲ့များက ထိုးထွင်းရှေ့ဆောင်မှုကိုလည်း အားပေးရပေမည်။ တပ်သားများတွင် စည်းဝါးကိုက်မှုများလည်း ရှိရပေမည်။ ဤနည်းအားဖြင့် တပ်မတော်ကို ထိပ်ဆုံးမှ အောက်ခြေအထိ စည်းလုံးညီညွတ်ရန် ကွပ်ကဲထားရပေမည်။

ထို့အပြင် တပ်ဖွဲ့အသီးသီးကို တစ်ခုနှင့်တစ်ခု ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိစေရန် အပေးအယူပြုပြီး လှုပ်ရှားမှုများ ပြုလုပ်သွား စေနိုင်ရမည်။ အောက်တပ်ဖွဲ့များသည် အထက်တပ်ဖွဲ့များမှ ချပေးထားသော အမိန့်များကို မည်သည့်အခါမျှ ခိုကပ်ခြင်း၊ ငြင်းပယ်ခြင်းမပြုဘဲ တိတိကျကျ ပြည့်ပြည့်ဝဝ လိုက်နာဆောင်ရွက်မှုများ လုပ်နိုင်ရန် လိုအပ်ပေသည်။ အမိန့်များ ထုတ်မပေးနိုင်သည့် အခြေအနေ၌ပင် သူတို့အလျှောက် ပူးပေါင်းဆောင်ရွက်မှုများ လုပ်နိုင်ရန် လိုအပ်သည်။ တပ်မတော်နှင့် ဒေသဆိုင်ရာ ပျောက်ကျားတပ်များ၊ ပြည်သူ့စစ် ကာကွယ်ရေးတပ်များ ကြားတွင်လည်း အကောင်းဆုံး အပေးအယူ ပြု၍ ဆောင်ရွက်ရေးကို ဖြစ်အောင် ထိန်းသိမ်းထားရပေမည်။ သို့မှ တပ်များ အားလုံး တစည်းတလုံးတည်း ရှိနေမည် ဖြစ်သည်။

၎င်းတပ်ဖွဲ့ကြီးများကို ပုဂ္ဂိုလ်တစ်ယောက်တည်းက မကွပ်ကဲနိုင်ပေ။ ကွပ်ကဲသည့် အဖွဲ့အနေနှင့် ကွပ်ကဲနိုင်ရေးအတွက် နိုင်နင်းသော ရုံးလုပ်ငန်း မရှိပဲ မဖြစ်နိုင်ပေ။ ထို့ကြောင့် တောင့်တင်းစနစ်ကျပြီး တကယ်မိမိတာဝန်ကို ထမ်းဆောင်သော ရုံးအဖွဲ့များကို ကြိုးစား ဖော်ထုတ်ရန် လိုအပ်ပေသည်။ ထို့အပြင် မှန်ကန်၍ အချိန်မီသော သတင်းကို စုဆောင်းရရှိနိုင်ရန် ပထမဆုံးအနေနှင့် ထောက်လှမ်းရေး လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ပြီး အင်အားတောင့်တင်းရန် အားထုတ်ဆောင်ရွက်ရမည်။

(၉) စစ်ပစ္စည်းအသုံးအဆောင်နှင့် အခြားပြဿနာများ ဖြေရှင်းနည်း

 ကျွန်ုပ်တို့၏ တော်လှန်ရေး အခြေအနေအရ ကျွန်ုပ်တို့၏ တပ်မတော်အတွက် ပြဿနာမှာ စစ်ပစ္စည်း အသုံးအဆောင်နှင့် စစ်ထောက်ပံ့ရေးများပင် ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရန် အောက်ပါနည်းများအတိုင်း ဆောင်ရွက်သွားရန် လိုအပ်ပေသည်။

(၁) က္ပျွန်ုပ်တို့ တော်လှန်ရေးတပ်များအတွက် အဓိက စစ်ပစ္စည်း အထောက်အပံ့ပေးရာမှာ ရန်သူဆီမှ ဖြစ်သည်ဟူသော စကားကဲ့သို့ ရန်သူ့ထံမှ လက်နက်များကို တိုက်ခိုက်သိမ်းဆည်းခြင်းဖြင့် မိမိကိုယ်ကို လက်နက်တပ်ဆင် ဖြည့်ဆည်းရန်၊ မိမိတပ်များကို တိုးပွားအောင် ပြုလုပ်ရေးနှင့် မိမိ၏ တိုက်စွမ်းရည်ကို ထိန်းသိမ်းထားရန်။

(၂) ရောက်ရာဒေသတွင် ရရှိနိုင်သည့် ပစ္စည်းများကို အသုံးပြုရန် (ရနိုင်သည့် ပစ္စည်းနှင့် လက်နက်ကျည်ဆံများ ထုတ်လုပ် ပြင်ဆင်ရေးနှင့် မိုင်းလုပ်ငန်း စသည်တို့ကို တိုးချဲ့ လုပ်ဆောင်ရန်) လိုအပ်ပေသည်။

(၃) ရန်သူနှင့် အုပ်ချုပ်ရေးဌာနဆိုင်ရာတို့မှ သိမ်းဆည်းရရှိသော စက်ကိရိယာပစ္စည်းများဖြင့် မိမိတပ်ကို တိုးတက်အောင် တပ်ဆင်တည်ဆောက်ရန်။

  (၄) ဆေးဝါးနှင့် ပါတ်သက်၍မူ တိုင်းရင်းဆေးများနှင့် နိုင်ငံခြားဆေးများကို သုံးရန် လိုအပ်သည်။ ဆေးဝါးရရှိရာ ရရှိကြောင်း အဓိကနည်းလမ်းမှာလည်း ရန်သူ့ထံမှ တိုက်ရိုက်သိမ်းယူနည်းနှင့် ဝယ်ယူနည်းတို့ ဖြစ်သည်။

 (၁၀) အင်အားတောင့်တင်းသော အဓိကတပ်နှင့် အရန်တပ်လိုအပ်မှု

လွတ်မြောက်ဒေသမရှိ၍ ပြည်သူ့စစ်များကို မဖွဲ့စည်းနိုင်သဖြင့် တပ်များကို နှစ်မျိုးခွဲထားရပေမည်။ ဒေသတပ်နှင့် အဓိကတပ်တို့ ဖြစ်သည်။ ပြည်သူ့စစ် (သို့မဟုတ်) ကျေးရွာကာကွယ်ရေးတပ်များ၏ အဓိကတာဝန်မှာ ၄င်းတို့၏ ကုန်ထုတ်လုပ်ငန်းများကို မထိခိုက်စေပဲ ပြည်သူကို အသက်အိုးအိမ်စည်းစိမ်များနှင့် ၄င်းတို့ကိုယ်ကို ကာကွယ်ရန် ဖြစ်သည်။ ၄င်းတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရာ၌ ဒေသတစ်ခုရှိ ပြည်သူ့စစ် (သို့မဟုတ်) ကျေးရွာကာကွယ်ရေး တပ်များသည် တော်လှန်ရေး စစ်ပွဲကို အခြားဒေသတစ်ခုရှိ အလားတူတပ်နှင့် ဆက်စပ်၍ တိုက်ခိုက်သည့် တာဝန်ကို ထမ်းဆောင်ခြင်းပင် ဖြစ်ပေသည်။ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ၏ ဒေသဆိုင်ရာ တာဝန်နှင့် တစ်မျိုးသားလုံးဆိုင်ရာ တာဝန်သည် တစ်ခုနှင့် တစ်ခု ဆက်စပ်နေပေသည်။ တစ်ခုနှင့် တစ်ခု အကျိုးစီးပွားချင်း မဆန့်ကျင်ဟူ၍ မြင်ရပေမည်။ ပြည်သူ့စစ်များကို ဖွဲ့စည်းမိသည်နှင့် တပြိုင်နက် ၄င်းသည် အမြဲတမ်းတပ်နှင့် ပေါင်းစပ်၍ဖြစ်စေ ၄င်းတို့ဘာသာ လွတ်လွတ်လပ်လပ်ဖြစ်စေ တိုက်ခိုက်နိုင်ပေသည်။ ပြည်သူ့စစ်တို့သည် မြေမြုပ်ဗုံးများကို ကျယ်ပြန့်စွာ အသုံးပြုနိုင်သည်။ ဒေသဆိုင်ရာတပ်သည် ပြည်သူ့စစ်များကဲ့သို့ ကျေးရွာကာကွယ်ရေးမဟုတ်ပဲ မြို့နယ် သို့မဟုတ် ဒေသကာကွယ်ရေးတာဝန်ကို ယူရပေမည်။ ကျွန်ုပ်တို့သည် ဒေသဆိုင်ရာတပ်များ၏ ဒေသစွဲစိတ်၊ သမာရိုးကျဝါဒ စသည်များကို မကြောက်ရွံ့ရပေ။ မိမိတို့၏ မွေးဖွားကြီးပြင်းရာ ဒေသအတွက် စိုးရိမ်ပူပန်သူ၊ ကာကွယ်လိုစိတ်ထက်သန်သူ၊ ရန်သူ၏ ဖိနှိပ်မှုကို မခံလိုသူ၊ အခြားဒေတို့ကို မသွားလိုသူတို့ကို လွတ်မြောက်ရေးစစ်တွင် ၄င်းတို့ဒေသတွင် တာဝန်ယူစေခြင်းဖြင့် တမျိုးသားလုံး၏ အကျိုးနှင့် မဆန့်ကျင်ရုံမျှမက ဆက်စပ်နေပေသည်။ ဒေသဆိုင်ရာတပ်သည် သက်ဆိုင်ရာ မိမိတို့၏ ဒေသကာကွယ်ရေး တာဝန်ကို သာမက ပြည်သူ့အုပ်ချုပ်ရေးကိုလည်း အကူအညီပေးရပေမည်။ ဒေသဆိုင်ရာတပ်သည် အမြဲတမ်းတပ် (အဓိကတပ်)၏ လိုအပ်သော အကူအညီကို ပေးနိုင်သည်သာမက အခါအခွင့်သင့်တိုင်း အမြဲတမ်းတပ်နှင့် လက်တွဲ၍ ရန်သူကို တိုက်ခိုက်နိုင်ပေသည်။ ဒေသဆိုင်ရာတပ်သည် အထက်ပါတာဝန်ကို ထမ်းဆောင်ရင်း ထုသားပေသား ရလာကာ အင်အားတောင့်တင်းလာသည်နှင့်အမျှ အဓိကတပ်အတွက် လိုအပ်သော အင်အားကို ဖြည့်ဆည်းပေးနိုင်သည်။ အဓိကတပ် အဖြစ်သို့ မြင့်တက်လာနိုင်ပေသည်။

အမြဲတမ်းတပ် (အဓိကတပ်)သည် အမြဲတမ်း နေရာမရွေး၊ နယ်ပယ်မရွေး စစ်ရေးတာဝန်ကို ယူရပေသည်။ ပြည်သူ့စစ်၊ ဒေသဆိုင်ရာတပ်တို့မှ ထုသားပေသားရလာသောအခါ ရဲဘော်များဖြင့် အစဉ် အင်အားဖြည့်စဉ်းပေးရမည်။ အဓိကတပ်သည် တခါတရံ စုရုံးနေသော်လည်း တခါတရံ  ခွဲဖြန့်နေရတတ်၍ ရန်သူကို တိုက်ခိုက်ရာ၌ ပို၍ အင်အားကြီးရန် ဒေသဆိုင်ရာတပ်၊ ပြည်သူ့စစ်တို့နှင့် ပူးပေါင်းရန် လိုအပ်သည်။ ရောက်ရာ ဒေသဆိုင်ရာတပ်နှင့် ပြည်သူ့စစ်တို့နှင့် ပူးတွဲ၍ ရန်သူကို တိုက်ခိုက်ချေမှုန်းရပေမည်။

ဤသို့ဖြင့် ဒေသဆိုင်ရာတပ်၊ အဓိကတပ်၊ ပြည်သူ့စစ်များသည် တခုနှင့်တခု စည်းလုံးညီညွတ်ရပေမည်။ ဤသို့ ခွဲခြားထားခြင်းသည် အခြေအနေနှင့် သင့်လျော်၍ ပြည်သူတို့၏ ထောက်ခံမှုနှင့် ဆန္ဒကို ပိုမိုရရှိစေပါသည်။ အလွန် အကျပ်အတည်းတွေ့သော အခြေအနေ မျိုးတွင်လည်း အဓိကတပ်ကို ဒေသဆိုင်ရာ တပ်များအဖြစ်ပြောင်းလဲခြင်း၊ အဓိကတပ်များကို ကျွန်ုပ်တို့ အကျိုးအတွက် ခွဲဖြန့်၍ လူထုအကြားတွင် ရောနှောပစ်လိုက်ခြင်းကို လုပ်နိုင်ပေသည်။ တဖက်တွင်မူ အခြေအနေ တိုးတက်ကြီးထွားလာပါက ပြည်သူ့စစ်များနှင့် ဒေသဆိုင်ရာ တပ်များကို အဓိကတပ်ကြီးများနှင့် လာရောက်ပူးပေါင်း လုပ်ကိုင်စေခြင်း၊ ပိုမိုကြီးမားသော တာဝန်ဖြစ်သည့် အဓိကတပ်ကြီးများ အဖြစ်သို့ လုံးဝပြောင်းလဲပစ်ခြင်းများ ပြုလုပ်နိုင်ပေသည်။ ထို့ကြောင့် အင်အားတောင့်တင်းသော အဓိကတပ်နှင့် အရန်တပ် အလွန် လိုအပ်လှပေသည်။ ကျွန်ုပ်တို့သည် ရောက်လေရာ နေရာတိုင်းတွင် ပြည်သူ့စစ်များ (သို့မဟုတ်) ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များ၊ ဖွဲ့စည်းရေးကို သာမက ဒေသဆိုင်ရာ ပါတီတပ်သားကောင်း (ကေဒါ)များ၊ ဒေသဆိုင်ရာ လက်နက်ကိုင် တပ်တို့ကို ဖွဲ့စည်းရေးအား ကူညီလုပ်ကိုင်ရပေမည်။ တာဝန်ပြီးမြောက်မှ တော်လှန်ရေး အခြေခံစခန်းများ တည်ဆောက်ခြင်း၊ အခိုင်အမာပြုခြင်း၊ ပြည်သူ့ လက်နက်ကိုင်တပ်များကို တိုးချဲ့ခြင်းများကို ပြုလုပ်နိုင်ပေလိမ့်မည်။

 


ဆက်ဖတ်လိုပါက

နိဒါန် အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) အပိုင်း(၄) အပိုင်း(၅) အပိုင်း(၆) အပိုင်း(၇) အပိုင်း(၈)  နိဂုံး